Tag Archives: လှုံ့ဆော်ခြင်း

အပြည်ပြည်ဆိုင်ရာ ရေအရင်းအမြစ်နေ့ သဘောထားထုတ်ပြန်ကြေညာချက်

၀၁၇ ခုနှစ် မတ်လ ၂၂ ရက်

“ဘေးကင်းသည့်ရေရရှိမှုနှင့် ကျန်းမာသန့်ရှင်းမှုသည် ကျွနု်ပ်တို့၏ လူ့အခွင့်အရေး”
သန့်ရှင်းလတ်ဆတ်သည့် ရေအရင်းအမြစ် ရရှိရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှု အရှိန်မြှင့်တင်နိုင်ရန်အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှ နှစ်စဉ် မတ်လ ၂၂ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ ရေအရင်းအမြစ်နေ့အဖြစ် သတ်မှတ် ပြဌာန်း ထားသည်။
ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်မား သမဂ္ဂများအဖွဲ့ချုပ် (အာရှ ပစိဖိတ်ဒေသ)၏ အဓိကထားလှုပ်ရှားမည့်ခေါင်းစဉ်မှာ ဘေးကင်းသည့်ရေရရှိမှုနှင့် ကျန်းမာသန့်ရှင်းမှုသည် အလုပ်သမား များအတွက် အခြေခံလူ့အခွင့်အရေး ဟူ၍ဖြစ်သည်။
မြန်မာနိုင်ငံ ဒေသအများအပြားရှိ လယ်ယာနှင့်စိုက်ပျိုးရေးလုပ်သားများသည် ၎င်းတို့၏ နေအိမ်နှင့်လုပ်ငန်းခွင်၌ သန့်ရှင်း လတ်ဆတ်သည့် ရေရရှိမှုချို့တဲ့လျက်ရှိသည်။ ရေပုပ်ရေသိုးနှင့် မိလ္လာသန့်ရှင်းမှုအဆင့်မမှီချင်းသည်လည်း သောက်သုံးရေညစ်ညမ်းမှု၊ အဆိပ်အတောက်ဖြစ်မှုနှင့် ရောဂါပိုးမွှားများကူးစက်မှုတို့နှင့် တိုက်ရိုက်ပါတ်သက်နေပေသည်။
ထို့နည်းတူ ရေရရှိရေးအတွက် အမျိုးသမီးများမှာ အလှမ်းကွာဝေးလွန်းသောအရပ်မှ ရေသွားရောက် ထမ်းပိုး သယ်ယူနေရပေသည်။ ကျန်းမာသန့်ရှင်းမှုအားနည်းခြင်းသည် အမျိုးသမီးများနှင့်အရွယ်ရောက်စ မိန်းခလေးများ အတွက် လိင်ဆိုင်ရာ အမြတ်ထုတ်စော်ကားမှု ပြုကျင့်ခံရမည့် အန္တရာယ်ပိုမိုများပြားပေသည်။ လူသူကင်းဝေးသော နေရာများသို့ လမ်းလျှောက်သွားလာရခြင်းသည်လည်း ၎င်းတို့လုံခြုံရေးအား ခြိမ်းခြောက်လျှက်ရှိသည်။
အလုပ်သမား လယ်သမားများအတွက် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားမှုအခွင့်အရေးသည် ဘေးကင်း သည့် ရေနှင့်ကျန်းမာသန့်ရှင်းမှုတို့ မရရှိပါက မည်သည့်နည်းနှင့်မျှမဖြစ်ပေါ်နိုင်ပေ။ ထို့အတွက်ကြောင့် ဘေးကင်းသည့် ရေနှင့် ကျန်းမာသန့်ရှင်းမှုအတွက် တိုက်ပွဲဝင်ခြင်းသည် ကျွန်ုပ်တို့၏ အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းပင် ဖြစ်သည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲဆိုးဝါးလာသလို မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများအတွက် ရေကြီးရေလျှံ မှုကြောင့် ရေချိုအရင်းအမြစ်များ ပျက်စီးနေပြီး နွေရာသီတွင် အပူရှိန်မြင့်မားလွန်းသောကြောင့် စမ်းချောင်းများ၊ ရေချောင်းများ၊ မြစ်များခမ်းခြောက်လျက်ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံတဝန်းလုံးတွင် သန့်ရှင်းလတ်ဆတ်သည့် ရေရရှိနိုင်မှုသည် တဖြည်းဖြည်းနည်းပါးလာပြီး ရေဆိုးရေညစ်များအား သန့်ရှင်းနိုင်မှုလည်း အားနည်းနေသည်။
စိုက်ပျိုးရေးကဏ္ဍတွင်လည်း လုံလောက်သည့် ရေရရှိမှုသည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါလျက်ရှိသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM – IUF) မှ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရသို့ တောင်းဆိုလိုသည်မှာ-
(၁) တောင်သူလယ်သမား၊ စိုက်ပျိုးရေးအလုပ်သမားများနှင့် မိသားစုများ၊ ကျေးလက်နေ ပြည်သူများ အားလုံးအတွက် သောက်သုံးရေလုံလောက်စွာ ပံ့ပိုးပေးနိုင်ရန်၊
(၂) စိုက်ပျိုးရေးကဏ္ဍအတွက် အသုံးပြုရန် လိုအပ်သည့်ရေအား ပြည့်ပြည့်၀၀ပံ့ပိုးပေးနိုင်မည့် ဆည်မြောင်းများ ရေပေးဝေမှု စီမံချက်များ စံနစ်တကျပြန်လည်ချမှတ်ရန်၊
(၃) ရေဆိုးရေညစ်များ စွန့်ပြစ်ခြင်းနှင့် မိလ္လာစံနစ်ကောင်းမွန်စေရေးအတွက် တိုင်းနှင့်ပြည်နယ် ဒေသများအလိုက် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ပေးပါရန် သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM – IUF)
ဗဟိုအမြဲတမ်းကော်မတီ
၀၉၂၅၀၀၄၅၇၃၀

ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးကမ္ဘာ့လှုပ်ရှားမှုနေ့ သဘောထားထုတ်ပြန်ကြေညာချက်

ယနေ့ မျက်မှောက် ကမ္ဘာကြီးတွင် လူဦးရေ သန်း တစ်ထောင့်ငါးရာခန့်သည် ပြည်တွင်းစစ်၊ သဘာ၀ ဘေးဒဏ် နှင့် ထိခိုက်ပျက်စီးမှုပေါင်းမြောက်များစွာကြောင့် နာကျင်ခံစားနေကြရသည်။ ကမ္ဘာတဝန်းလုံးရှိ ၁၆၈ သန်း ခန့်သော ကလေးငယ်များမှာ မရပ်မနားအလုပ်လုပ်ကိုင်နေကြရပြီး အဟာရပြည့်ဝသည့် အစားအစာ ရရှိခွင့်နှင့် ပညာသင်ကြားခွင့်တို့ ဆုံးရှုံးနေကြရသည်။

ထိုအခြေအနေအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်ကြီးမှ ၂၀၀၂ ခုနှစ်မှစ၍ ဇွန်လ ၁၂ ရက် နေ့အား ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးကမ္ဘာ့လှုပ်ရှားမှုနေ့အဖြစ် အခမ်းအနားများ နှစ်စဉ် ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် အထိ အချိန်ကာလ သတ်မှတ်ပိုင်းခြား၍ ကလေးအလုပ်သမားပပျောက်ရေး နိုင်ငံ အလိုက် လှုပ်ရှားမှုအား အရှိန်မြှင့်တင် ဆောင်ရွက်လျှက်ရှိပေသည်။

ကျွနု်ပ်တို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြုနိုင်ငံဖြစ်ပြီး စားသောက်ကုန်ထုတ်လုပ်နေသော်လည်း နည်းပညာအားနည်းမှု၊ ဈေးကွက်အခွင့်အလမ်း နည်းပါးမှုနှင့် ပြည်တွင်းပဋိပက္ခများကြောင့် တဦးချင်း ဝင်ငွေ နည်းပါးကာ ဆင်းရဲမွဲတေသည့် နိုင်ငံအဖြစ်သို့ ရောက်ခဲ့ရသည်။ အထူးသဖြင့် ရာသီဥတု ဆိုးရွားစွာ ပြောင်းလဲမှု ကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးခဲ့ပြီး ကြွေးမြီများတင်ရှိခဲ့သဖြင့် ရရာ အလုပ်များ လုပ်ကိုင် နေထိုင် စားသောက်ရသည့်အတွက် ကြွေးမြီ၏အဓိက သားကောင် ကလေးအလုပ်သမားများ အဖြစ် ရောက်ရှိခဲ့ရသည်။ ထိုအချိန်တွင် ခေတ်အပြောင်းအလဲအရ လမ်းပမ်း ဆက်သွယ်ရေးကောင်းမွန်ပြီး ခရီးသွားလာမှု လွယ်ကူလာခြင်းသည် ပြည်သူအချို့အတွက် အခွင့်အလမ်း တရပ်ဖြစ်သော်လည်း သုတပညာ နိမ့်ပါးပြီး ဝင်ငွေ နည်းလွန်းသည့် ကျေးလက်နေ အခြေခံ အလုပ်သမား လယ်သမားများ၏ သားသမီးများသည် အာမခံချက်မရှိသည့် အလုပ်ကြမ်း အင်အားစုအဖြစ်သို့ ရောက်ရှိခဲ့ရပေသည်။

ကလေးသူငယ်များအား ပြုစုပျိုးထောင်ခြင်းသည် အမျိုးသားရေးတာဝန်တရပ်ဖြစ်သည်။ ထို့အတူ ကလေး သူငယ်များအား ကြမ်းတမ်းစွာခိုင်းစေခြင်းသည် ရာဇဝတ်မှုကျုးလွန်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ကလေးငယ်များ ဆိုးရွားကြမ်းတမ်းသည့် အလုပ်ခွင်သို့ရောက်ရှိခြင်းအား အဆုံးသတ်လိုလျှင် မိသားစုအတွက် လူမှုဘဝနှင့် ကိုက်ညီသည့် ဝင်ငွေနှင့် တည်မြဲသည့် အလုပ်အကိုင်ရရှိမှုသည် အရေးကြီးလှသည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အဓိကအလုပ်အကိုင်ဖြစ်သည့် စိုက်ပျိုးရေးနှင့် စားသောက် ကုန် ထုတ်လုပ်မှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် မဖြစ်မနေ ဆောင်ရွက်သင့်ပေသည်။ သို့မှသာ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ ပြည့်စုံကြွယ်ဝပြီး ကျေးလက်နေပြည်သူအများစု၏ သားသမီးများဘ၀ အဆင့်အတန်း တိုးတက် မြင့်မားလာမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကြီး (ILO) နှင့် နိုင်ငံတကာအစိုးရများ၊ အစိုးရကိုယ်စား လူထု အခြေပြုလုပ်ငန်းများဆောင်ရွက်သည့် အဖွဲ့အစည်းများအားလုံးအနေဖြင့်လည်း အချိန်တိုအတွင်း ထိရောက်ပြီး အကျိုးရလဒ်များရရှိနိုင်မည့် လုပ်ငန်းစဉ်များဆောင်ရွက်ရန်လိုအပ်ပေသည်။ ထို့အပြင် မှန်ကန်တိကျသည့် သတင်းအချက်အလက်များအား အစိုးရနှင့်ပြည်သူများအားပံ့ပိုးခြင်း၊ မြန်မာ့လူ့အဖွဲ့အစည်းအား လူ့ဂုဏ်သိက္ခာ နှင့် ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးဆိုင်ရာ အကြံပြုချက်များ၊ အကူအညီများ ပံ့ပိုးသင့် ပေသည်။

ကျွနု်ပ်တို့ မြန်မာနိုင်ငံတောင်သူလယ်သမား စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အနေဖြင့် အခြေခံအလုပ်သမား လယ်သမားများ၏ လူမှုဘဝအခြေအနေမှန်အား နိုင်ငံတော် အစိုးရ၊ ဒေသန္တရအစိုးရများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တင်ပြပေးမည်ဖြစ်ပြီး အစိုးရနှင့်ပြည်သူပူးပေါင်း၍  မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားအလုံးစုံ ပပျောက်စေသည်အထိ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန် ကြေညာအပ်ပါသည်။

ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ

AFFM – IUF

အနိမ့်ဆုံးလုပ်ခ လစာ ပြန်လည်သတ်မှတ်မည့် နှုန်းထားနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာချက်

ရက်စွဲ – ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်

၂၀၁၅ ခုနှစ်တွင် အနိမ့်ဆုံးလုပ်ခ လစာ တလ ၃၆၀၀ ကျပ် သတ်မှတ်ရာတွင် မိမိတို့ မြန်မာနိုင်ငံ တောင်သူ လယ်သမားစိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အဆိုပြုနှုန်းထား တနေ့ ၄၀၀၀ ကျပ် (ပုံမှန်အလုပ်ချိန် တနာရီ ၅၀၀ ကျပ်နှုန်း) ကို တိတိ ကျကျ ဖေါ်ထုတ်တောင်းဆိုမှု ဦးဆောင်ပြုလုပ်ခဲ့သည်။ထိုအချိန်တွင် အလုပ်ရှင်မှ တနေ့လျှင် ကျပ် ၁၅၀၀ နှုန်းထားမှ ဘက်ပေါင်းစုံညှိနှိုင်းမှုဖြင့် တဖြည်းဖြည်း တိုးလာခဲ့ရာ ၂၀၁၅ခုနှစ် သြဂုတ်လ ပထမအပါတ်တွင် နောက်ဆုံးအနေဖြင့် တနေ့ ၃၂၀၀ ကျပ်အထိ တိုးမြှင့်ပေးခဲ့သည်။ သို့ဖြင့်အစိုးရ၏ ဝင်ရောက်ညှိနှိုင်းပေးမှုဖြင့် မိမိတို့အလုပ်သမားအဖွဲ့များ၏ တောင်းဆို မှု တနေ့ ၄၀၀၀ကျပ် နှင့် အလုပ်ရှင်များမှ ပေးနိုင်သည့်နှုန်းထား တနေ့ ၃၂၀၀ ကျပ် အကြား တနေ့ ၃၆၀၀ ကျပ် ဖြင့် နောက်ဆုံး သဘောတူခဲ့ကြ၍ ယနေ့ကာလအထိ အနိမ့်ဆုံး လုပ်ခသတ်မှတ်မှုမှာ တနေ့ ၃၆၀၀ ကျပ် ဖြစ်ခဲ့သည်။
အမှန်တကယ် မိမိတို့တောင်းဆိုသည့် အနိမ့်ဆုံးလုပ်ခလစာဆိုသည်မှာ အလုပ်သမားတဦး အတွက် စုစုပေါင်း ရရှိရမည့် တနေ့ဝင်ငွေမဟုတ်ပါ။ မိမိတို့တောင်းဆိုလိုက်သည့် အနိမ့်ဆုံးလုပ်ခလစာ (Minimum Wage) သည် အလုပ်သမားတဦးသည် ၎င်းနှင့် ၎င်းမိသားစုအတွက် လုပ်အားခစစ်စစ်ဖြင့် စားဝတ်နေမှုပြုနိုင်သည့် ဝင်ငွေ စုစုပေါင်း (Living Wage) ၏ တစိတ်တပိုင်းသာဖြစ်သည်။ မိမိတို့ ညီနောင်၅ ဖွဲ့၏ တောင်းဆိုမှုတွင် အနိမ့်ဆုံးလုပ်ခလစာ + ဆုကြေးများ+ ခရီးစရိတ်/ဖယ်ရီ + နေထိုင် စရိတ်များ + နှစ်တိုးကြေးများ + ကျွမ်းကျင် ကြေးများ + လေ့ကျင့်သင်ကြားစရိတ်များ စသည်ဖြင့် ပါဝင်သည်။
သို့သော် အချို့လုပ်ငန်းရှင်များသည် ၂၀၁၅ ခုနှစ်မှစ၍ ယနေ့တိုင် အလုပ်သမားများ တောင်းဆိုသော လုပ်ခဟု သတ်မှတ်ပြီး တနေ့ ၃၆၀၀ ကျပ်ဖြင့် လုပ်သက်များစွာရှိသည့် ကျွမ်းကျင်လုပ်သားကြီးများပါ ရောနှောသတ်မှတ်ခဲ့သည်ကိုတွေ့မြင်ခဲ့ရသည်။ အခြားနေ့စား၊ ပုတ်ပြတ်လုပ်သားများအား သတ်မှတ်အလုပ်များ တိုးမြှင့်ပေးပြီး လုပ်ခအဖြစ် တနေ့ ၃၆၀၀ ကျပ်သာ ပေးခဲ့သည်ကိုလည်း အစီရင်ခံစာများအရ သိရှိရသည်။ နေထိုင်စရိတ်၊ နှစ်တိုးကြေး၊ ကျွမ်းကျင်ကြေးများ တိတိကျကျပေးသည့် အလုပ်ရှင် အနည်းငယ်သာရှိခဲ့သည်။
ယနေ့ကာလသည် ကုန်ဈေးနှုန်းများအဆမတန်မြင့်မားလျှက်ရှိရာ အခြေခံအလုပ်သမားများသည် ထမင်းနပ်မှန်အောင် စားရန်အတွက်ပင် အလွန်အမင်းရုန်းကန်နေရပေသည်။ ထို့အပြင် လူမှုဘ၀ လိုအပ်ချက်များအတွက် အသုံးစရိတ်များအတွက် ကြွေးမြီများ ရယူခဲ့သဖြင့် ယခုအခါ နေ့ပြန်တိုး ၊ အပါတ်စဉ်တိုး၊ လပြန်တိုး၊ ထပ်တိုးတို့ဖြင့် အကြွေးနွံနစ်ပြီး ထိုမိသားစုများမှ ကလေးသူငယ်လုပ်သားများ အဖြစ်သို့ တွန်းပို့ခြင်းခံကြရသည်။
မျက်မှောက်မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် လူမှုဝန်းကျင်နှင့်ကိုယ်ညီသည့် လုပ်အားခ – တလအတွက် လုပ်အားခစုစုပေါင်း (Living Wage) ရရှိရန်အတွက် လူမှုစီးပွားဆောင်ရွက်ဖက်များ တွေ့ဆုံ ဆွေးနွေးမှု (Social Dialogue) နှင့် လိုက်ပါဆောင်ရွက်မှု အားကောင်းရန်များစွာ လိုအပ် နေသေးသည်ကို မိမိတို့ မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ သုံးသပ်မိသည်။ ထို့အပြင် ၂၀၁၅ ခုနှစ် အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်မှု အတွေ့အကြုံအရ တိကျပြတ်သားသည့် နှုန်းထားရှိဘို့အတွက်သာ လိုအပ်သည်ကို တွေ့ရှိရ၍ ယခုကာလ စားဝတ်နေမှုနှင့် မျှတစွာရရှိသင့်သည့် အနိမ့်ဆုံးလုပ်ခငွေ တနေ့လျှင် ၅၆၀၀ ကျပ် သတ်မှတ်ရန် အဆိုပြုပါကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံတောင်သူလယ်သမားစိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊

ဆက်သွယ်ရန် –
(၁) ဦးကြည်ဦး (လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်) ၀၉၄၂၅၃၂၇၈၄၂
(၂) ဒေါ်ငြိမ်းငြိမ်းဦး (အုပ်ချုပ်ရေးဌာနအတွင်းရေးမှူး) ၀၉၄၂၇၅၄၃၈၇၁