Tag Archives: လႈပ္ရွားမႈမ်ား

အနိမ့်ဆုံးလုပ်ခ လစာ ပြန်လည်သတ်မှတ်မည့် နှုန်းထားနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာချက်

ရက်စွဲ – ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်

၂၀၁၅ ခုနှစ်တွင် အနိမ့်ဆုံးလုပ်ခ လစာ တလ ၃၆၀၀ ကျပ် သတ်မှတ်ရာတွင် မိမိတို့ မြန်မာနိုင်ငံ တောင်သူ လယ်သမားစိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အဆိုပြုနှုန်းထား တနေ့ ၄၀၀၀ ကျပ် (ပုံမှန်အလုပ်ချိန် တနာရီ ၅၀၀ ကျပ်နှုန်း) ကို တိတိ ကျကျ ဖေါ်ထုတ်တောင်းဆိုမှု ဦးဆောင်ပြုလုပ်ခဲ့သည်။ထိုအချိန်တွင် အလုပ်ရှင်မှ တနေ့လျှင် ကျပ် ၁၅၀၀ နှုန်းထားမှ ဘက်ပေါင်းစုံညှိနှိုင်းမှုဖြင့် တဖြည်းဖြည်း တိုးလာခဲ့ရာ ၂၀၁၅ခုနှစ် သြဂုတ်လ ပထမအပါတ်တွင် နောက်ဆုံးအနေဖြင့် တနေ့ ၃၂၀၀ ကျပ်အထိ တိုးမြှင့်ပေးခဲ့သည်။ သို့ဖြင့်အစိုးရ၏ ဝင်ရောက်ညှိနှိုင်းပေးမှုဖြင့် မိမိတို့အလုပ်သမားအဖွဲ့များ၏ တောင်းဆို မှု တနေ့ ၄၀၀၀ကျပ် နှင့် အလုပ်ရှင်များမှ ပေးနိုင်သည့်နှုန်းထား တနေ့ ၃၂၀၀ ကျပ် အကြား တနေ့ ၃၆၀၀ ကျပ် ဖြင့် နောက်ဆုံး သဘောတူခဲ့ကြ၍ ယနေ့ကာလအထိ အနိမ့်ဆုံး လုပ်ခသတ်မှတ်မှုမှာ တနေ့ ၃၆၀၀ ကျပ် ဖြစ်ခဲ့သည်။
အမှန်တကယ် မိမိတို့တောင်းဆိုသည့် အနိမ့်ဆုံးလုပ်ခလစာဆိုသည်မှာ အလုပ်သမားတဦး အတွက် စုစုပေါင်း ရရှိရမည့် တနေ့ဝင်ငွေမဟုတ်ပါ။ မိမိတို့တောင်းဆိုလိုက်သည့် အနိမ့်ဆုံးလုပ်ခလစာ (Minimum Wage) သည် အလုပ်သမားတဦးသည် ၎င်းနှင့် ၎င်းမိသားစုအတွက် လုပ်အားခစစ်စစ်ဖြင့် စားဝတ်နေမှုပြုနိုင်သည့် ဝင်ငွေ စုစုပေါင်း (Living Wage) ၏ တစိတ်တပိုင်းသာဖြစ်သည်။ မိမိတို့ ညီနောင်၅ ဖွဲ့၏ တောင်းဆိုမှုတွင် အနိမ့်ဆုံးလုပ်ခလစာ + ဆုကြေးများ+ ခရီးစရိတ်/ဖယ်ရီ + နေထိုင် စရိတ်များ + နှစ်တိုးကြေးများ + ကျွမ်းကျင် ကြေးများ + လေ့ကျင့်သင်ကြားစရိတ်များ စသည်ဖြင့် ပါဝင်သည်။
သို့သော် အချို့လုပ်ငန်းရှင်များသည် ၂၀၁၅ ခုနှစ်မှစ၍ ယနေ့တိုင် အလုပ်သမားများ တောင်းဆိုသော လုပ်ခဟု သတ်မှတ်ပြီး တနေ့ ၃၆၀၀ ကျပ်ဖြင့် လုပ်သက်များစွာရှိသည့် ကျွမ်းကျင်လုပ်သားကြီးများပါ ရောနှောသတ်မှတ်ခဲ့သည်ကိုတွေ့မြင်ခဲ့ရသည်။ အခြားနေ့စား၊ ပုတ်ပြတ်လုပ်သားများအား သတ်မှတ်အလုပ်များ တိုးမြှင့်ပေးပြီး လုပ်ခအဖြစ် တနေ့ ၃၆၀၀ ကျပ်သာ ပေးခဲ့သည်ကိုလည်း အစီရင်ခံစာများအရ သိရှိရသည်။ နေထိုင်စရိတ်၊ နှစ်တိုးကြေး၊ ကျွမ်းကျင်ကြေးများ တိတိကျကျပေးသည့် အလုပ်ရှင် အနည်းငယ်သာရှိခဲ့သည်။
ယနေ့ကာလသည် ကုန်ဈေးနှုန်းများအဆမတန်မြင့်မားလျှက်ရှိရာ အခြေခံအလုပ်သမားများသည် ထမင်းနပ်မှန်အောင် စားရန်အတွက်ပင် အလွန်အမင်းရုန်းကန်နေရပေသည်။ ထို့အပြင် လူမှုဘ၀ လိုအပ်ချက်များအတွက် အသုံးစရိတ်များအတွက် ကြွေးမြီများ ရယူခဲ့သဖြင့် ယခုအခါ နေ့ပြန်တိုး ၊ အပါတ်စဉ်တိုး၊ လပြန်တိုး၊ ထပ်တိုးတို့ဖြင့် အကြွေးနွံနစ်ပြီး ထိုမိသားစုများမှ ကလေးသူငယ်လုပ်သားများ အဖြစ်သို့ တွန်းပို့ခြင်းခံကြရသည်။
မျက်မှောက်မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် လူမှုဝန်းကျင်နှင့်ကိုယ်ညီသည့် လုပ်အားခ – တလအတွက် လုပ်အားခစုစုပေါင်း (Living Wage) ရရှိရန်အတွက် လူမှုစီးပွားဆောင်ရွက်ဖက်များ တွေ့ဆုံ ဆွေးနွေးမှု (Social Dialogue) နှင့် လိုက်ပါဆောင်ရွက်မှု အားကောင်းရန်များစွာ လိုအပ် နေသေးသည်ကို မိမိတို့ မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ သုံးသပ်မိသည်။ ထို့အပြင် ၂၀၁၅ ခုနှစ် အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်မှု အတွေ့အကြုံအရ တိကျပြတ်သားသည့် နှုန်းထားရှိဘို့အတွက်သာ လိုအပ်သည်ကို တွေ့ရှိရ၍ ယခုကာလ စားဝတ်နေမှုနှင့် မျှတစွာရရှိသင့်သည့် အနိမ့်ဆုံးလုပ်ခငွေ တနေ့လျှင် ၅၆၀၀ ကျပ် သတ်မှတ်ရန် အဆိုပြုပါကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံတောင်သူလယ်သမားစိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊

ဆက်သွယ်ရန် –
(၁) ဦးကြည်ဦး (လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်) ၀၉၄၂၅၃၂၇၈၄၂
(၂) ဒေါ်ငြိမ်းငြိမ်းဦး (အုပ်ချုပ်ရေးဌာနအတွင်းရေးမှူး) ၀၉၄၂၇၅၄၃၈၇၁