Tag Archives: ပညာပေးအစီအစဉ်

ဇွန် ၂၀၁၅

လူငယ်ဖွံ့ဖြိုးရေး အကယ်ဒမီတခုမွေးဖွားခြင်း

၂၀၁၆ ဇွန်လ ၁၁ ရက် စနေနေ့
မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ဒဿမတန်းစာမေးပွဲအောင်စာရင်းများကို မနက်စောစောကတည်းက ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။ AFFM – IUF ရုံးမှာ အောင်စာရင်းမထွက်ခင်ကတည်းက ၁၀ တန်းဖြေအပြီး ပညာသင်ရောက်ရှိနေသည့် ကလေးက ၅ ယောက်ရှိခဲ့သည်။မကွေးတိုင်း မှ ကျောင်းသူ ၃ ယောက် ဧရာဝတီတိုင်းမှ ၂ ယောက် ဖြစ်၏။ စာမေးပွဲဖြေသည့် ကျောင်းသားကျောင်းသူတိုင်း ဖြေနိုင်ခဲ့သည့်ဖြစ်စေ မဖြေနိုင်ခဲ့သည်ဖြစ်စေ နောက်ဆုံး အောင်စာရင်းထွက်သည့်အချိန် ရင်ခုန်စွာမျှော်လင့်မိသည်ချည်းသာဖြစ်၏။ AFFM – IUF ရုံးချုပ် ရောက်နေသည့် ကျောင်းသူကျောင်းသားများ တကယ်တန်းအောင်စာရင်းထွက်လာသည့် အခါတွင်တယောက်မှ မအောင်ကြပါ။ စားမေးပွဲကျသည်။ ငိုသည်။ ပုံမှန်ဖြစ်စဉ်သာဖြစ်၏။
သို့သော်ထိုမျှနှင့်မပြီးခဲ့ပေ။ နောက်နှစ်ပြန်တက်ကြဘို့ခက်ပြီ။ မြို့ပေါ်မဆိုထားနှင့် နယ်တွေပင်လျှင် ကျူရှင်ခ၊ စာကျက်ဝိုင်းခ၊ ဘော်ဒါဆောင်ထားခ အနေအထားအဆင့်ဆင့်ပေါ်တွင် ငွေပေးရမည်။ ကလေးတစ်ယောက် ၁၀ တန်းအောင်ဘို့ မိဘများရင်းနှီးမြှုပ်နှံနိုင်မှဖြစ်မည်။ ပျမ်းမျှအနည်းဆုံး သိန်း ၂၀ အထိခန့်မှန်းကြသည်။ ငွေကြေးတတ်နိုင်တိုင်းလည်းမပြီးပေ။ အောင်မြင်မှု အရယူ ပေးနိုင်မည့် ထိရောက်သည့် သင်ကြားမှုလည်း တဖက်က လိုအပ်ပြန်သည်။ ငွေကြေးမတတ်နိုင်ကြသော ကျေးလက်ဒေသနေ တောင်သူလယ်သမားများ ဖြစ်ကြသော AFFM – IUF အဖွဲ့ဝင်များ၏ သားသမီးများ ပြန်ဖြေနိုင်ရေးအတွက် အခက်ကြုံကြလေပြီ။ နောက်ဆုံးတွင် ဒေသအသီးသီး၏ ခေါင်းဆောင်များမှ ဗဟိုအဖွဲ့ချုပ်သို့ ပူဆာပြီး တစုံတခုစီစဉ်ရန် တောင်းဆို လာကြသည့်အတွက် ၂၀၁၆ ခုနှစ် ဇွန် ၂၀ ရက်နေ့တွင် အစည်းအဝေးတရပ်ခေါ်ယူခဲ့ပြီး လူငယ်ဖွံ့ဖြိုးရေး အကယ်ဒမီတရပ် စတင် ဆောင်ရွက်ရန် အကြောင်းရင်းဖြစ်လာပါတော့သည်။
အစည်းအဝေးဆုံးဖြတ်ချက်အရ တနိုင်ငံလုံးရှိ အဖွဲ့ဝင်များအတွင်း ဝင်ငွေနည်းပါးပြီး သားသမီးပညာရေး အတွက် ဆက်လက်မထောက်ပံ့နိုင်သူထဲမှ ဒဿမတန်း ဆက်လက် ဖြေဆိုမည့်သားသမီးများစာရင်း အမြန်ဆုံး ပေးရန်တောင်းခံပြီး ထိုထဲမှ ဒေသဆိုင်ရာခေါင်းဆောင်များ၏ ထောက်ခံချက်ဖြင့် ကျောင်းသားကျောင်းသူ ၂၅ ဦး ရွေးချယ်ခေါ်ယူသင်ကြားမည်ဟု စီစဉ်ခဲ့သည်။ တကယ်တန်းသတ်မှတ်သည့်အချိန်အတွင်း စာရင်း ပို့လာသည့် ဦးရေမှာ ၁၅ ဦးသာရှိသည်။ နောက်ဆက်တွဲလက်ခံရန်တောင်းဆိုကြသော်လည်း ၁၅ ဦး အကန့်အသတ်ဖြင့်သာ စတင်ရန် ဆုံးဖြတ်ခဲ့သည်။ ကျောင်းသားကျောင်းသူများတွင် ရှမ်းပြည်နယ်မှ ကျောင်းသူ ၂ ဦး၊ မကွေးတိုင်းမှ ကျောင်းသား ၁ ဦး ကျောင်းသူ ၃ ဦး၊ ဧရာဝတီတိုင်းမှ ကျောင်းသူ ၂ ဦး ကျောင်းသား ၁ ဦး၊ ရန်ကုန်တိုင်းမှ ကျောင်းသား ၃ ဦး၊ တနင်္သာရီတိုင်းမှ ကျောင်းသား ၁ ဦး၊ ကရင်ပြည်နယ်မှ ကျောင်းသား ၁ ဦး ကျောင်းသူ ၁ ဦး တို့ဖြစ်ကြသည်။
ဤသို့ဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက် ကုန်ထုတ် လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM – IUF) နှင့် မြန်မာ့ အနာဂါတ်မျိုးဆက်များ မွေးဖွားရာဌာန လူငယ်ဖွံ့ဖြိုးရေးအကယ်ဒမီအား စတင်ခဲ့သည်။
တချို့ကမေးကြသည်။ လုပ်ရဲလှချေလား။ သတ္တိရှိချေလား။ တာဝန်မကြီးဘူးလား။ လုပ်ရဲပါသည်။ သတ္တိရှိ ပါသည်။ တာဝန်လည်းကြီးပါသည်။ အဘယ်ကြောင့်လုပ်ရဲပါသလဲဆိုလျှင် မိမိတို့အနာဂါတ် မိမိတို့ကိုယ်တိုင် ဖန်တီးချင်၍ဖြစ်ပါသည်။။ လုပ်နိုင်ကြပါသည်။ ညာမနေကြဘို့၊ ညှာမနေကြဘို့ ရှေ့ကထွက်လုပ်ပြလိုက်သည့် သဘောလည်းပါ၏။ ညီနောင်အဖွဲ့အစည်းဖြစ်သည့် တက္ကသိုလ်ဆရာ/ဆရာမများ၏ အားပေးကူညီမှုကြောင့် လည်း သတ္တိရှိခြင်း ဖြစ်၏။
မိမိတို့ အဖွဲ့အစည်းအတွင်းပင် မေးခွန်းတွေမေးချင်ကြသည်။ တချို့ကလည်းတမျိုးထင်သည်။ ဝါသနာအရ ဖြစ်မည်၊ ဂွင်တခုခုရှိမည်လို့။ တခါတည်းရှင်းပါမည်။ ဘာဂွင်မှမရှိပါ။ ဘယ်ဂွင်ကိုမှလက်မခံပါ။ လုပ်သင့်သည့် အလုပ်တခုကို ရဲရဲဆုံးဖြတ်လုပ်လိုက်ခြင်းသာဖြစ်သည်။ အမှန်တော့ ဒီအဖွဲ့အစည်းအတွက် နောက် ၅ နှစ်တာ ကာလမှာ ဒီကလေး ၁၅ ယောက်ရှိနေမှာကို မေ့ထားပုံရသည်။ ဒီကလေး ၁၅ ယောက်ရဲ့ စွမ်းအား၊ စေတနာ၊ ပေးဆပ်မှုကို လျော့တွက်ထားကြပုံရ၏။ ဒီရုံးမှာနေ၊ ဒီရုံးမှာစား၊ နိစ္စဓူ၀ ဖြစ်သမျှကို ဒီကလေးတွေ မြင်နေ ရသည်။ တွေ့နေရသည်။ ဒါကိုသူတို့အလုပ်လို့ မှတ်ထင်လာပြီ။ ဒီအဖွဲ့အစည်းသည် တရားမျှတစွာ တည်ရှိ နေသလား။ အခြေခံလယ်သမား၊ အလုပ်သမားများဘဝတိုးတက်မြင့်မားဘို့ ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များ အားလုံးမျှတတဲ့   ရင်းနှီးမြှုပ်နှံမှုအခြေပြုပြီး အောင်ပွဲတွေအရယူပေးမယ့် ပေးဆပ်သူတွေ ဖြစ်နေပါလား ဆိုတာ မြင်ကြပြီ။ သူတို့သည်လည်း ပေးဆပ်ချင်စိတ် ရှိလာကြသည်။ ဒါသည်ပင် အောင်ပွဲလို့ မှတ်ယူပြီး မာန်တင်း လှမ်းချီလိုက်တာ ဒီကနေ့ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့ ခရီးတဝက်ရောက်၏။

စိမ်ခေါ်မှုဆိုသည် အခွင့်အလမ်းအား အလျော့ပေးရစမြဲ

အစကတည်းက ဒီအလုပ်လုပ်ရင် စိတ်ဖိစီးမှုများမယ်ဆိုတာ ကြိုတွေးပြီးသားပင်ဖြစ်သည်။ လုပ်ငန်းဆောင်တာ များလွန်းနေသလို၊ ဘက်ပေါင်းစုံ စိမ်ခေါ်မှုများရင်ဆိုင်ရင်း အားမရ၍ စိမ်ခေါ်မှုအသစ်ရှာသလိုပင် ဖြစ်နေ သေးသည်။စစချင်းပြဿနာက မတူုညီသည့်ဒေသမှ အမူအကျင့်များနှင့် အစားအသောက်ပုံစံကွဲပြားမှုကစသည်။ ဒုတိယ အချက်က ရောက်လာသည့် ကျောင်းသားကျောင်းသူများ၏ အိမ်လွမ်းဝေဒနာ ကုစားရေးဖြစ်သည်။ တတိယ အချက်က သူတို့လေးတွေ နေရေးစားရေးက လက်ရှိရုံးလုပ်ငန်းလည်ပါတ်နေသည့် ရုံးနှင့် ရုံးတာဝန်ခံများ နေထိုင်ရာမှာ အတူနေအတူစားပုံစံဖြစ်နေသေးသည်။ မတူညီသည့် စည်းကမ်း၊ စားချိန်၊ အိပ်ချိန်၊ အလုပ်လုပ်ချိန်နဲ့ ဖိအားပေါင်းများစွာကို ဒီကလေးတွေဘယ်လို ပုံစံနဲ့ ခံယူကြမလဲဆိုသည့် ပြဿနာအဆိုးဆုံး ဖြစ်သည်။
နောက်တခုက ထုံးစံအတိုင်း ဘာလုပ်လုပ် မပါမဖြစ်သည့် အသုံးစရိတ်ကိစ္စပင်ဖြစ်သည်။ နေ့စဉ်စားစရိတ်၊ ရုံးသုံးစရိတ်၊ ခရီးစရိတ်၊ အစည်းအဝေးစရိတ် စသည်ဖြင့် မြောက်များသည့် ကုန်ကျစရိတ်ဒဏ်ကို ခါးစည်း ရင်စည်းခံရင်း နောက်ထပ် ကလေးတွေ စားစရိတ်ဘယ်ကထွက်မည်နည်း။ သင်ကြားရေး အထောက်အကူ ပစ္စည်းများ၊ ကျန်းမာရေးကိစ္စတွေ နေ့စဉ်အသုံးအဆောင် မြောက်များလှသည့်ငွေ ဘယ်လိုရှင်းရပါ့မလဲ။
သင်ကြားရေးတွင် ပညာဒါနပြုကြသော ဆရာဆရာမများချည်းသာမဟုတ်ပဲ လိုအပ်သည့် ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ ပင့်ဖိတ်ရမည့်ကိစ္စပါရှိသည်။ တက္ကသိုလ်ဆရာ/ဆရာမများဟူသည် တက္ကသိုလ် သင်ကြားရေး တဖက်နှင့် လာရောက်အားဖြည့်ကြသော်လည်း စာမေးပွဲအချိန်များ၊ အစည်းအဝေးများအတွက် တခါတရံ အချိန်အပြည့်ပေးနိုင်ရန် အခက်အခဲရှိပြန်သည်။ ထိုအတွက်ကြောင့်ပင် လိုအပ်သည့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမ အင်အားထပ်ဖြည့်ရ၏။
ဤအခက်အခဲများအားလုံးသည် မိမိတို့ မဖြစ်ခင်ကြိုပြင်ထားသည့် ကိစ္စများသာဖြစ်၏။ လက်တွေ့တွင် ထိုထက် များသော ပြဿနာများ တွေ့ရသည်။ မှတ်မှတ်ရရ ပွဲဦးထွက်ကိစ္စတခုတင်ပြပါ့မည်။ ကျောင်းသား တယောက် မနက်အစောကြီး ဗိုက်အရမ်းအောင့်ပြီး တက်တောင်တက်သွားသတဲ့။ ဆေးရုံအမြန်ပို့မှရမည်ဟု သတင်း ပို့လာသည်။ သို့ဖြင့်ချက်ချင်းပင်ဆေးရုံပို့ဆေးထိုး၊ဓါတ်မှန်ရိုက် ဆေးယူပြန်လာတော့မှ ထိုကျောင်းသားသည် ရောက်ကတည်းက အိမ်ပြန်ချင်သူဖြစ်သည်။ အဝတ်အိတ်ခဏခဏပြင်သည်။ အားလုံးဝိုင်းထိန်း ထားရသည် ဟူ၍ဖြစ်သည်။ ယခုလည်း ကြိုက်သည်ဟုဆိုက ဒညင်းသီး အလုံး ၂၀ ထမင်းတနပ်တည်းနှင့် စားလိုက်ပြီး ဖြစ်လာရသည်ဟုသိရသည်။ ရုံးမှာ ဒညင်းသီးလုံးဝမစားရဟု စည်းကမ်းထုတ်ထားသည်။ ထိုကျောင်းသား ပုဆိုး ခါးပိုက်ထဲထည့်ပြီး ဖွက်စားခြင်းဖြစ်သည်။ သို့ဖြင့် ထိုကလေးကိုခေါ် မိဘများအားအကြောင်းကြား ပထမအကြိမ် သတိပေးမှုပြုရသည်။ ထိုနေ့မှစ၍ ထိုကလေးသည်း စားမေးပွဲဖြေဆိုပြီးချိန်အထိ စည်းကမ်း ချိုးဖေါက်မှု မရှိတော့။ ပြန်ဘို့လည်းမကြိုးစားတော့ပေ။
အလားတူအဖြစ်မျိုး နောက်တယောက်ထပ်ဖြစ်သည်။ ကျောင်းသူလေးတယောက် ဗိုက်အရမ်းအောင့်လို့ ဆေးခန်းသွားပြရသည်။ ဆေးခန်းမှဆေးထိုး ဆေးစားဘို့ ၃ ရက်စာ စီစဉ်ပေးလိုက်သည်။ သို့သော် ၂ ရက် အကြာတွင် ပြန်အောင့်သည်။ ပြန်အောင့်သည်မှ နံရံများအားကုတ်ခြစ်ပြီးတက်နေသည် သို့မှသာ သက်သာ သည်။ အနီးရှိသူငယ်များအား လိုက်ဆွဲသည်။ ဖက်တွယ်သည်။ တင်းတင်းကြပ်ကြပ်ဖမ်းဆွဲပြီး မလွှတ်တော့။ သို့ဖြင့်ဆေးခန်းပြန်ပြတော့ ဆေးရုံချက်ချင်းတင်ရသည်။ ထိုကျောင်းသူတနှစ်လုံး ၃ ကြိမ် ဆေးရုံတက်ရသည်။ ကျောင်းသူများအတွင်းစိတ်ပိုင်းဆိုင်ရာ ပြဿနာတက်ပြီ။ ပရလောကမှ နှောက်ယှက်သလိုလို၊ မမြင်ရသည့် ဘုံဘဝတွေရော၊ အစွဲတွေရော၊ ဘဝဟောင်းတွေပါ ပါလာသည်။
AFFM – IUF တွင် လခစားဝန်ထမ်းတယောက်မှမရှိပါ။ ထို့နည်းတူ ရန်ကုန်အခြေစိုက်လည်း အလွန်ပင် နည်းသည်။ ထို့ကြောင့် ရပ်ဝေးမှ တာဝန်ခံများ၊ အဖွဲ့ဝင်များ လာရောက်နေထိုင်ကြရာတွင် ၎င်းတို့ အတွက် စားဝတ်နေရေး၊ လူမှုဆက်ဆံရေး၊ ပါတ်ဝန်းကျင်နှင့် ပါတ်သက်မှု၊ အဖွဲ့အစည်းဝင် အချင်းချင်း ပါတ်သက် ဆက်ဆံရေး၊ အထူးသဖြင့် မိဘကွယ်ရာ အရပ် ကျန်းမာရေးပြဿနာ စသည့်တို့အားလုံးအား နေ့စဉ် တာဝန် ခံရသည်။ ကျန်းမာရေးအတွက် ပူပင်သောကပိုကြီးရသည်။ မိဘမျက်ကွယ် အသက်ဆုံးပါးလျှင် ဘယ်လို ရှင်းရပါ့။ ထို့အပြင် ငယ်ရွယ်သူတွေဖြစ်လေတော့ နှလုံးသာရေးကိုလည်းကြည့်ရသည်။ လူငယ်ဖွံ့ဖြိုးရေး အကယ်ဒမီတွင် အငယ်ဆုံးအသက်မှာ ၁၆ နှစ်၊ အကြီးဆုံးအသက်မှာ ၂၁ နှစ်၊ အလွန်ရင်ခုန်တတ်တဲ့အရွယ်၊ အချိန်ပြည့်အတူနေအတူစား၊ စာအတူကြည့် နေ့စဉ်တိုင်းမှာ ဒီကျောင်းသူနဲ့ ဒီကျောင်းသား ၁၈ နာရီလောက် အတူ ရှိနေတာ။ ၁၀ လတိတိကြာရင် ဘာဖြစ်ကုန်ကြမလဲဆိုတဲ့ စိုးရိမ်စိတ်တွေအများကြီးရှိခဲ့သည်။
တနှစ်လုံး လေ့ကျင့်သင်ကြားရင်း နီးမှ စာတွေမေ့ကုန်သူ၊ ညနေ ၆ နာရီထိုးသည်နှင့် အိပ်ငိုက်လာသူ၊ စာတွေကြည့်ရင်းမေ့ကုန်သူ စသည့်ကိစ္စရပ်များသည် ဒီဇင်ဘာ အကုန်လောက်တွင်ဖြစ်တတ်သည်။ တနှစ်လုံး မေးခွန်းဟောင်းများပြန်ဖြေရာ အမှတ်တွေကောင်းလာခဲ့ပြီး ဇန်နဝါရီလကုန် စစ်ကြည့်မှ အောင်မှတ်အတွက် အသည်းအသန် ဖြစ်သူပေါ်လာတတ်ပါသည်။ ထိုအချိန်တွင် တည်ငြိမ်မှုအလွန်အရေးကြီးသည်။ စိတ်ရှည်စွာ လက်တွဲကျော်ဖြတ်တတ်ဘို့လိုမည်။
ကလေးအတော်များများမှာ နယ်မှဖြစ်ကြသဖြင့် အဓိကအားနည်းချက်မှာ အခြေခံမကောင်းခဲ့ခြင်းဖြစ်သည်။ ကျေးလက်ဒေသအချို့တွင် သင်ခဏ်းစာများအား ရွေးချယ်ပြီးသင်နေကြသလားဟုပင် သံသယဖြစ်မိ၏။ ယခုစာသင်ခန်းမှ ဆရာ/ဆရာမများ သင်ကြားမှုအား အချို့ကျာင်းသား/ ကျောင်းသူများ လုံးဝမသင်ခဲ့ဘူးဟု ပြောကြသည်။ ထိုသို့ပြောသူသည် ၃ နှစ်ကျပြီးသူဖြစ်သည်။ သို့ဆိုလျှင် သူတို့ဒေသတွင် ယခုသင်သည့် စာများ မသင်ဟုပြောရမလိုဖြစ်နေသည်။ ဟိုအခန်းကျော် ဒီအခန်းကျော်၊ မေးခွန်းတွင် သိပ်မတွေ့ရသဖြင့် သင်စရာမလို ဟုလည်း အချို့ကခံယူထားပုံရသည်။ ထို့အပြင် အခြေခံ သင်္ချာညံ့လွန်းခြင်းပင်ဖြစ်သည်။ ကျောင်းသူလေး တယောက် ၁၀ ဆိုသည့် ကိန်းကို ၂ ဆိုသည့်ကိန်းနှင့် ၁.၇ ရသည်ဟုဆိုသည်။ မြန်မာစာဖြေတိုင်း စာစီစာကုံး မရေးသူ၊ အင်္ဂလိပ်စာဖြေတိုင်း Letter Writing နှင့် Essay မဖြေသူများ ဖြစ်နေကြသည်။
အခုအထိတင်ပြသမျှအားလုံး စိမ်ခေါ်မှုများနှင့် ပြဿနာများသာဖြစ်၏။ ထို့ထက်ပို၏။ ရှုပ်ထွေး၏။ သို့သော် ကျော်လွှားနိုင်ခဲ့ပါပြီ။ ထိုပြဿနာများ၊ စိမ်ခေါ်မှုများသည် သေသေသပ်သပ်ကျော်ဖြတ်ခဲ့ပါလျှင် ကောင်းမွန်သည့် တန်ဖိုးရှိသည့် လူမှုဝန်းကျင်ကောင်းဖြစ်စေခဲ့ပါသည်။ ကျော်ဖြတ်ခဲ့သည့်နည်းများတွင် အရေးပါသည့် လုပ်ဆောင်မှုများအနေဖြင့် –
(၁) စည်းကမ်းပိုင်းမှာ လုံးဝအလျော့မပေး။ အပြစ်အကြီးအသေးအလိုက် စံနစ်တကျ အပြစ်ပေးမှုမပြုမချင်း ခွင့်မလွှတ်ဘို့လိုသည်။
(၂) အုပ်ချုပ်သူတွေကို တာဝန်ခံဘို့လိုသည်။ အုပ်ချုပ်သူတွေ ဖိဖိစီးစီးကိုင်တွယ်လျှင် လိုအပ်သည့် အလျှော့ အတင်းအား အုပ်ချုပ်သူနှင့်သာလုပ်။ ကလေးတွေနဲ့ လုံးဝမလုပ်မိဘို့လိုသည်။
(၃) တခါတရံ ပြင်းပြင်းထန်ထန် ချက်ချင်းလက်ငင်းကိုင်တွယ်ဘို့လိုသည်။ ဒါကို ကလေးတွေက မိုးမီးလောင်သည့် နေ့ဟု ခေါ်သည်။ သို့သော် မိုးမီးလောင်အပြီး ကြည်လင်သည့် မိုးကောင်းကင်အောက် အပြုံးအပျော်များ ရှိနေမှန်း သိအောင်လုပ်ထားဘို့လိုအပ်မည်။
(၄) ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် စေတနာဘောင်မှမလွတ်သွားဘို့လိုသည်။ စေတနာမလွတ်မှန်း အားလုံးလည်း သိနေပါလိမ့်မည်။
(၅) အရေးအကြီးဆုံးအချက်မှာ သူတို့ တဦးချင်းတယောက်ချင်းစီ၏ အခြေအနေမှန်များအား သိနေဘို့ လိုအပ်သည်။ သိနေကြောင်းပြောစရာမလိုပဲ သိကြောင်းပြရုံဖြင့် ထပ်မံလျှို့ဝှက်စရာ၊ ဖုံးကွယ်စရာ ဘာမှမရှိတော့ပေ။ ပွင့်လင်းမှုအားကောင်းလေလေ စိတ်ပူစရာများ တမျိုးပြီးတမျိုးလျော့ပါးလေလေဖြစ်၏။
ဤသို့ဖြင့် အမှောင့်လိုလို ပရောဂလိုလိုလဲမရှိတော့သလို နွဲ့ဆိုးချင်စိတ်လည်းမရှိတော့။ ရင်ခုန်ဘို့ အချိန်လည်း မရှိတော့သလို ခြေကန်ရုန်းဘို့လည်း အခွင့်အလမ်းမရှိတော့။
ဤစာရေးသားရသည့် ရည်ရွယ်ချက်အကြောင်းတော့ပြောလိုသည်။ ကုန်ကျစရိတ်ကြီးမားမှုအတွက် ဘယ်လို ကျော်လွှားခဲ့သလဲဆိုလျှင် အားလုံးဒုက္ခခံခဲ့ကြသည်။ ကျေကျေနပ်နပ်ကြီး အဆင်းရဲခံခဲ့ကြသည်ဟု ပြန်ဖြေ ပါ့မည်။ ဟင်းဘိုးတနေ့ ကျပ် ( xxxxx ) ပုံမှန်နှင့် ၃ ရက်တိုင်း ဆန် ၁ အိတ်၊ ဆီ ဆားငြုပ်ကြက်သွန် ဆပ်ပြာမှုန့်၊ ဆပ်ပြာတုံး၊ သွားတိုက်ဆေး၊ လက်သုတ်စက္ကူအားလုံး၊ ညဘက် အချိုအချဉ် အသီးအနှံ အားလုံးအတွက် ခေါင်းဆောင်များ၊ တာဝန်ခံများ၊ အုပ်ချုပ်သူများ၏ ပင်ပမ်းမှု၊ ခြိုးခြံချွေတာမှု၊ အငတ်ခံမှုစသည်တို့သည် ပီတိ အဖြစ် တသက်လုံးစားသုံး ကုန်နိုင်ပါတော့မလား။
ဆန်အိတ်ထမ်းလာသူ၊ ကြက်သွန်အိတ်ပို့ပေးသူ၊ ငှက်ပျောခိုင်ထမ်းလာသူ၊ ငါးခြောက်များပို့သူ၊ ပဲများ၊ အသီးအရွက် စားစရာများ ပို့ပေးသူများအားလုံးအား ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။
အခြေခံပညာအားနည်းသူများအား အာပေါက်မတတ်၊ ထပ်ကာထပ်ကာ ဖိဖိစီးစီးသင်ကြားပေးသော ဆရာ/ဆရာမတို့ ထုဆစ်အပ်သည့် ပန်းပုရုပ်များသည် လှသွေးကြွယ်စပြုပြီဖြစ်သည်။
အထူးသဖြင့် ထမင်းစားမယ်ဟေ့ ဆိုလျှင် ကလေးများအတွက် အရင်ဖယ်ပြီးမှ လက်ကျန်ကလေးတွေကို မျှတ ခွဲေ၀ စားသောက်ပြီး ကျေနပ်ခဲ့သူများအားလုံးကို ရင်နှင့်အမျှ မှတ်တမ်းတင်ပါကြောင်း ဤစာလေးဖြင့် ဂုဏ်ပြုလျှင် ကြည်နူးကျေနပ် ပြုံးပျော်ကောင်းရာ၏။

ဦးဇာနည်သွေး
အထွေထွေ အတွင်းရေးမှူးချုပ်
(AFFM – IUF)

၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ သဘောထားထုတ်ပြန်ကြေငြာချက်

၁ ရက် မေလ ၂၀၁၇ ခုနှစ်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) ကျင်းပခဲ့ကြသည်မှာ ၁၂၇ ကြိမ် တိုင်ရှိခဲ့လေပြီ။ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) သည် အလုပ်သမားများ၏ မျှတသည့် အလုပ်ချိန်၊ လုပ်အားခနှင့် ကျန်းမာပြီး လုံခြုံဘေးကင်းသည့် လုပ်ငန်းဝန်းကျင်ဆိုင်ရာ ရုန်းကန် လှုပ်ရှားမှု၏ပြယုဒ်ပင်ဖြစ်၏။ ထို့အတူ အလုပ်သမားထု၏ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊  စုစည်း ညီညွတ်မှုဖြင့် အောင်ပွဲအရယူခဲ့မှု၏ အထိမ်းအမှတ်သင်္ကေတ တခုဖြစ်သည်။ယနေ့ကျရောက်သည့် ၂၀၁၇ ခုနှစ် မေဒေးနေ့ အခါသမယကြီးတွင် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားထုတရပ်လုံးအား အလေးအနက် ဂုဏ်ပြုရင်း မေဒေး တန်ဖိုး၊ စိတ်ဓါတ် နှင့် အောင်မြင်မှုများ ရရှိပါစေကြောင်း အလေးအနက် ဆန္ဒပြုအပ်ပါသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာတွင် ကျွနု်ပ်တို့မြန်မာနိုင်ငံအလုပ်သမား လယ်သမားများသည် မေဒေးနေ့အခမ်းအနား ကျင်းပရာ၌ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် တရားမျှတမှုများအပေါ် အခြေပြု ၍ ကျင်းပခဲ့ကြပါသည်။     သို့သော် ယနေ့ကာလတွင် ကောင်းမွန်သည့် လုပ်ငန်းဝန်းကျင်နှင့် လုပ်ငန်းခွင်ဆက်ဆံရေး၊ လူမှုအကျိုးစီးပွားဆောင်ရွက်မှုများ တိုးတက်မြင့်မားစေလိုသည့် ရည်ရွယ် ချက်များဖြင့် ကျင်းပကြပေသည်။
လက်ရှိမြန်မာနိုင်ငံသည် အလွန်ကြီးမားသည့် စိမ်ခေါ်မှု (၃)ရပ်အား ရင်ဆိုင်နေရသည့် ကာလတခုဖြစ်ပါသည်။ နိုင်ငံရေးပြောင်းလဲမှုတွင် စစ်အာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီ စနစ်သို့ လည်းကောင်း၊ စီးပွားရေးတွင်စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့လည်းကောင်း၊ တတိယအားဖြင့် လူမှုအဆင့်အတန်းနှင့် စံနှုန်းများ အပြောင်းအလဲ စသည်တို့ ဖြစ်ပေသည်။ ထိုစိမ်ခေါ်မှု ၃ ရပ်တွင် လူမှုအဆင့်အတန်းအပြောင်းအလဲသည် လူ့ဂုဏ်သိက္ခာအား အာမခံသော လူမှုအသိုင်းအဝိုင်း အခြေအနေများ တိုးတက်ပြောင်းလဲရန်အတွက် ခက်ခဲစေသည့် အခြေအနေ များ ကြုံတွေ့နေရပေသည်။
မြန်မာနိုင်ငံတွင် အပူချိန်မြင့်မားလာခြင်းသည် မြန်မာ့စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းများအတွက် ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှုကြီး ဖြစ်ပေါ်လာမည့်အလားအလာဟု တွက်ဆ ရပါသည်။ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများတွင် ဆန်စပါးထုတ်လုပ်မှုသည် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရပါသည်။ အပူချိန်အလွန်မြင့်မားလာမှုသည် အပူပိုင်းဒေသ အတွက် ရေပြတ်လပ်မှု ပြဿနာအဖြစ် ဖြစ်ပေါ်နေသည်။ (၂၀၀၉ ခုနှစ်တွင် မိုးခေါင်ရေရှားမှုသည် အချို့ဒေသများ၏ဒေသတွင်း စိုက်ပျိုးရေး ထုတ်ကုန်များ ရပ်ဆိုင်းလုနီးပါးဖြစ်ပေါ်ခဲ့ရပါသည်။ အလားတူ ၂၀၁၆ခုနှစ် မိုးခေါင်ရေရှားမှုသည် မြန်မာနိုင်ငံ၏ အဓိက စားသောက်ကုန်များဖြစ်သော ပဲ၊ ပြောင်း၊ ကြံ၊ ခရမ်းချဉ်သီး၊ ဆန်စပါးတို့ များစွာ ပျက်စီးခဲ့ရပါသည်။)
ဤပြင်းထန်ဆိုးဝါးသည့် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲသည် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားများအား လုပ်ငန်းခွင်အဓမ္မအလုပ်ခိုင်းစေမှု၊ ကလေးသူငယ် အလုပ် ခိုင်းစေမှု၊ ခေတ်သစ် ကျွန်ပြုခံ လူသားများအဖြစ် တွန်းပို့နိုင်စေသည်ကို အထူးသတိထားရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ အခြေခံလူ့အခွင့်အရေးများဖြစ်သော အဟာရပြည့်သည့် အစားအစာရရှိပိုင်ခွင့်နှင့် ဘေးကင်း သန့်ရှင်းသော ရေရပိုင်ခွင့်တို့ တဖြည်းဖြည်းဆုံးရှုံးနေသည်ကို တွေမြင်ရပါသည်။ အထူးသဖြင့် ကျေးလက်ဒေသရှိ ပြည်သူများသည် ရေနှင့်အစားအစာ ရရှိရန်အတွက် နာရီပေါင်း များစွာ လုပ်အားစိုက်ထုတ်ကြရပါသည်။
မြန်မာပြည်သူများ လူမှုအဆင့်အတန်းနိမ့်ကျရသည့် အခြေအနေများအပါ် မိမိတို့အနေဖြင့် လူတဦးတယောက် တဖွဲ့တစည်းအား တာဝန်ရှိသည်ဟု အပြစ်တင် နေခြင်းမဟုတ်ပါ။  ထို့နည်းတူ ထိုစိမ်ခေါ်မှုများအားလုံးအား အစိုးရတရပ်တည်းသာ ဖိအားပေးဖြေရှင်းခိုင်းခြင်းလည်း မဟုတ်ပါ။ မိမိတို့ AFFM-IUF မှ ယုံကြည်သည်မှာ လူမှုအကျိုးစီးပွားဆိုင်ရာ ဆောင်ရွက်ဖက်များ အားလုံး သွေးစည်းညီညွှတ်စွာ လက်တွဲ ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းမှသာ စိမ်ခေါ်မှုများအား ကျော်ဖြတ်ပြီး အောင်မြင်မှု ရရှိပေမည်ဟု ယုံကြည်သည်။
လုပ်ငန်းဆောင်တာ ကဏ္ဍအသီးသီးတွင် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းသည် လူမှုအဆင့် အတန်း တိုးတက်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ တည်ရှိနေသည်။ AFFM-IUF အဖွဲ့ချုပ်အနေဖြင့် ဤ မေဒေးနေ့အခမ်းအနားမှတဆင့် တောင်းဆိုလိုသည်မှာ-
–    ကျေးလက်ဒေသနေ စိုက်ပျိုးရေးအလုပ်သမားများအတွက် လူမှုအကျိုးစီးပွားဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်စေမည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊
–    သီးနှံအာမခံ၊ ဈေးကွက်အာမခံ၊ ပြည်ပသို့တင်ပို့မှုဆိုင်ရာ အာမခံစံနစ်များ ခိုင်မာအောင် ထိန်းညှိဆောင်ရွက်ခြင်း၊
–    အငယ်စားလယ်သမားများနှင့် စိုက်ပျိုးရေးအလုပ်သမားများ၏ အလုပ်အကိုင်နှင့် ဝင်ငွေအဆင့်အတန်း တိုးတက်မြင့်မားနိုင်စေမည့် ရေရှည်အမတော်ကြေးစနစ်များ အတွက် မဟာဗျူဟာ အစီအစဉ်ချမှတ်ခြင်း၊
–    သိမ်းဆည်းခံလယ်ယာမြေများ မူလပိုင်ရှင်တောင်သူလယ်သမားများဆီသို့ ပြန်လည် ပေးအပ်ခြင်း၊
–    ရာသီဥတုဖေါက်ပြန်မှု၊ ပိုးမွှားဖျက်ဆီးမှုကြောင့် အရှုံးပေါ်၍ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်မပေးသွင်းသည့် လယ်သမားများ၏ သီးနှံများသိမ်းဆည်းခြင်း၊ သီးနှံ ရောင်းချမှုအား ပိတ်ပင်တားမြစ်ခြင်းများ ရပ်ဆိုင်းရန် တောင်းဆိုအပ်ပါသည်။
ကျွန်ုပ်တို့် AFFM-IUF အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တည်ဆောက်ရေး ကာလအတွင်း ကြုံတွေ့ရမည့် အခက်အခဲ ပြဿနာများ၊ စိမ်ခေါ်မှုများအား အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့်အတူ လက်တွဲရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေငြာအပ်ပါသည်။

မြန်မာနိုင်ငံတောင်သူလယ်သမားစိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ (၀၉၂၅၀၀ ၄၅၇၃၀)