Hazardous Chemical in Agriculture
128 th Mayday
6th Advanced of Leadership Training

About Us

Myanmar’s political climate is changing. As time ushers in hope, we are witnessing positive reforms and a shift towards democracy as outdated policies are being left behind - paving the way for more development opportunities. According to observations made by the Asia Development Bank in 2012, Myanmar is one of the fastest growing economies in Southeast Asia; it has expanded its GDP by nearly 8% a year, making it well on its way to becoming a middle-income nation.

Read More


AFFM ရှင်းတမ်း
ဘာကြောင့်ဒီစာကိုရေးတာလဲ
AFFM ဆိုတဲ့ အဖွဲ့အစည်း စတင်ဖြစ်ပေါ်လာဘို့ ပါဝင်ဆောင်ရွက်ကြတဲ့ ရဟန်းရှင်လူ လူကြီး လူငယ်လူရွယ်လူလတ် အားလုံး သက်ရှိထင်ရှားရှိနေချိန်မှာ သူတို့အားလုံးကို အလေးထားအသိအမှတ်ပြုတာ၊ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောချင်တာ၊ သူတို့အနေနဲ့လည်း တဆင့်စကားတဆင့်နားကြားပြီး ကြည်နူးပီတိ ရစေချင်တာ၊ စတာတွေနဲ့အရင်းခံပြီး ရေးရပါတယ်။ နောက်ထပ်တခုက စတင်စဉ်ကာလက ပါဝင်ပေးဆပ်သူတွေထဲမှာ အသက်နဲ့ရင်းခဲ့ရတာ၊ ဘဝနဲ့ရင်းခဲ့ရတာ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရတာ၊ လုပ်အားနဲ့ရင်းခဲ့ရတာ၊ ငွေအားဖြည့်သွင်းခဲ့မှု မြောက်များစွာပေးဆပ်ခဲ့တဲ့အပြင်သွေး၊ချွေး၊မျက်ရည်၊အသက်ရင်းတဲ့စွန့်စားမှု အားလုံးနဲ့အရင်းတည်ပြီးမှ ဒီအဖွဲ့ အစည်း တရပ်ဖြစ်ပေါ်ခဲ့တာပါ။ ဒီအဖွဲ့အစည်းမှာ ပေးဆပ်ခဲ့သူတွေရဲ့ သစ္စာတရားတွေ ရှိနေပါတယ်။ ဒါကိုလည်း သက်သေတည် စေလိုတဲ့အတွက်လည်းဖြစ်ပါတယ်။ ဒီစာကိုအခုတင်ပြတဲ့ လှုပ်ရှားမှုတွေမှာတကယ်ပါဝင်ခဲ့တဲ့သူတွေ ဖတ်ဖြစ်မှာပါ။ သူတို့ရဲ့ ပြန်ပြောင်းသတိတရရှိမှုလေးတွေပါ ပြန်လည်ခံစားခွင့်လည်းကြုံရမယ်လို့မျှော်လင့်ထားပါတယ်။ ဒီစာထဲမှာ ပါဝင်တဲ့ အကြောင်းတွေကတော့ -
(၁) AFFM ဘယ်ကစ - တာဝန်ကျေစပါးနဲ့ လယ်ယာမြေဆိုင်ရာ ဥပဒေပုဒ်မ ၂/၇၈၊ ၃/၇၈၊ ၄/၇၈ လှုပ်ရှားမှု - ၁ ဒေါ်လာ တိုက်ပွဲ၊
(၂) နှစ်စဉ်ကျင်းပတဲ့ မေဒေးနေ့အခမ်းအနား ၂၀၀၅ ခုနှစ်ကျမှ ထူးဆန်းသွားတယ်။
(၃) လွှတ်တော်ခေါ်ယူရေး လှုပ်ရှားမှု၊ လယ်သမားလှုပ်ရှားမှုနဲ့ ရွှေဝါရောင်တော်လှန်ရေး
(၄) ဖက်ဒရယ်ရေးရာလှုပ်ရှားမှုများ
(၅) ပြည်တော်ပြန်ခရီး
(၆) AFFM ရဲ့ ရှေ့ခရီး
စတာတွေပဲရေးပါ့မယ်။ နိဂုံးပိုင်းမှာ ဘာကြောင့်ဘာတွေဖြစ်သွားတယ်။ AFFM ဆိုတာဘာလဲ။ အဲဒီ အမည်ပေးတုန်းက ဘာကို ကိုးကားပြီးပေးတာလဲ။ စကားလုံးကို ဘယ်လိုအရစ်အသတ်နဲ့ ဘယ်လိုဝိုက်ထားသလဲ။ ဘာကြောင့်အဲဒီလို ထွင်ပြီးရေတာလဲ။ဘယ်လိုအမျှော်အမြင်နဲ့လဲ။ ဘယ်သူကဘယ်လိုစာလုံးဖေါက်ပြီး ဘယ်အခြေအနေနဲ့ ရေးထားလို့ ဒီနာမည်အတည်ဖြစ်သွားသလဲဆိုတာတွေအကုနု်ရေးပါ့မယ်။ ဒါမှနောင်မျိုးဆက်တွေအနေနဲ့ သက်ရှိသက်သေတွေနဲ့ သွားရောက်တွေ့ဆုံပြီး ဖြတ်သန်းခဲ့မှု အခြေအနေအစစ်အမှန်ကို မှတ်တမ်းပြုလို့ရမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီစာလေးကိုဖတ်ပြီးတဲ့အခါမှာ လွတ်လပ်တဲ့အဖွဲ့အစည်းဆိုတာအစပိုင်းမှာ အရမ်းပင်ပမ်း ဆင်းရဲ တယ်။ ဒီမိုကရေစီနည်းကျတဲ့အခါနုနယ်စဉ်မှာ စိတ်အရမ်းရှုပ်ရတယ်။ စုပေါင်းခေါင်းဆောင်မှု တကယ်ပြုရင် သစ္စာဖေါက် တာ ခံရတတ်တယ်။ တာဝန်ယူရဲတဲ့ သတ္တိ၊ တာဝန်ခံရဲတဲ့ သဘောနဲ့ ပေးဆပ်မှုပြုခဲ့ရင် မျက်နှာပြောင် တိုက်ပြီး အလွဲသုံးစား လုပ်တာကို ခံရပါလိမ့်မယ်။ သာမာန်အခြေအနေဆို ရူးသွားနိုင်ပါတယ်။ သို့သော်အဲဒါတွေအားလုံးကို ကျော်လွှားနိုင်မယ် လို့ ယုံကြည်တဲ့အတွက် ဒီစာကိုဒီကနေ့ ရေးလိုက်ခြင်း ဖြစ်ပါတယ်။


အပိုင်း(၁)
AFFM ဘယ်ကစ
တိတိကျကျပြောရရင် ၂၀၀၂ ခုနှစ်ကစပါတယ်။ ၂၀၀၂ ခုနှစ်မှာယခု ၂၀၁၈ လို မိုးများလွန်းတဲ့အတွက် ရေကြီး ပါတယ်။ လိုရင်းပြောရရင်လယ်မြေအတော်များများရေမြုပ်ကုန်တယ်။ အဲဒီအချိန်မှာ ဒီမိုကရေစီ တော်လှန် တိုက်ပွဲအတွက် ကွင်းဆင်းပြီးပြည်တွင်းအလုပ်သမားသမဂ္ဂများ တည်ဆောက်ရေးကို အရှိန်မြှင့် ကြိုးစားနေတဲ့ အချိန်ဖြစ်ပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၀၀ခုနှစ်မှာILOက စီးပွားရေးရင်းနှီးမြှုပ်နှံမှုပိတ်ဆို့အရေးယူပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာဖိအား အရှိန်မြင့်နေချိန်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်း အလုပ်သမားသမဂ္ဂတည်ဆောက်ရေးလုပ်ဘို့အတွက် ကရင့်အမျိုးသား အစည်းအရုံး နယ်မြေကိုအခြေပြုပြီး ပြည်တွင်းသမဂ္ဂတွေဖွဲ့စည်းဘို့ လှမ်းချိတ် ဆက်ရင်းနဲ့ ဒေသခံတောင်သူလယ်သမားတွေကို စိုက်ပျိုးရေးဆိုင်ရာ အလုပ်သမားသမဂ္ဂ၊ ပညာရေးအလုပ်သမားသမဂ္ဂ၊ကျန်းမာရေးအလုပ်သမားသမဂ္ဂနဲ့ ဆောက်လုပ်ရေး အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းပေးခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၀၂ ခုနှစ်ရေကြီးမှုကို အစပြုပြီး ဒေသခံတောင်သူလယ်သမားတွေရဲ့တောင်းဆိုမှုအရ လူထုအစည်း အဝေး တရပ်ကျင်းပခဲ့ပါတယ်။ မှတ်မှတ်ရရ၂၀၀၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ညနဲ့မတ်လ ၂၈ ရက်နေ့ မနက်မှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ စပါးခင်းတွေရေမြုပ်ကုန်တဲ့အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို စပါးနဲ့ ပြန်ဆပ်ဘို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ခဲ့ပါဘူး။ အသေးစိတ်ရှင်းပြပါ့မယ်။ အဲဒီတုံးကတောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ်ထုတ်ချေးပေးတဲ့ ပုံစံက လယ်ယာမြေ ဥပဒေ ပုဒ်မ ၂/၇၈၊ ၃/၇၈၊ နဲ့ ၄/၇၈ အပေါ်မှာ တိုက်ရိုက် အကျုံးဝင်နေပါတယ်။
အဲဒီဥပဒေတွေရဲ့သဘောသဘာဝက မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေ ၊ မြေလွတ်မြေရိုင်းများအားလုံးကို နိုင်ငံတော်မှ ပိုင်ဆိုင်တယ်။နိုင်ငံတော်မှသတ်မှတ်ထားတဲ့ သီးနှံအမျိုးအစားကိုသာစိုက်ပျိုးရမယ်။ ရရှိတဲ့သီးနှံကို နိုင်ငံတော် သို့ ပြန်လည်ရောင်းချရမယ်လို့ိဆိုပါတယ်။
အဲဒါနဲ့ စိုက်ပျိုးစရိတ်ချေးငွေနဲ့ဆက်စပ်ပုံက လယ်သမားတယောက်မှာ လယ် ၅ ဧကရှိရင် စိုက်ပျိုးစရိတ် ချေးငွေအဖြစ် တဧကကို ၁၀၀၀ကျပ်ထုတ်ချေးပါတယ်။ ၅ ဧက ဆိုတော့ ၅ ထောင်ကျပ် ချေးပါတယ်။ ပြန်ဆပ် တဲ့ အခါ အဲဒီ ၅၀၀၀ ကျပ်ကို စပါးနဲ့ပြန်ဆပ်ရပါတယ်။ ဒါကို တာဝန်ကျေစပါးလို့ခေါ်ပါတယ်။ တာဝန်ကျေ စပါး သတ်မှတ်ပုံကလည်းဒေသတခုနဲ့တခုမတူကြဘူး။တချို့ဒေသတွေမှာ တဧက ၅တင်းနှုန်းအစိုးရစပါးအဝယ်ဒိုင် ကို ရောင်းပေးရပါတယ်။ တချို့ဒေသမှာတော့ ၁၀ တင်း၊ ၁၅ တင်း အထိ ဒေသအလိုက် စပါးအထွက် ပေါ်မှာ မူတည်ပြီး သတ်မှတ်ပါတယ်။ အဲဒီသတ်မှတ်စပါးကို အစိုးရ စပါးအဝယ်ဒိုင်ကိုရောင်းတဲ့နေရာမှာ သတ်မှတ်တဲ့ စပါးဈေးနှုန်းက စပါး ၁ တင်းကို ၂၀၀ ကျပ် ဖြစ်ပါ တယ်။ အဲဒီတော့ ၅ ဧက စာ စိုက်စရိတ် ထုတ်ယူ ထားတဲ့ သူက စပါး ၂၅ တင်းပို့ပေးရပါတယ်။ တကယ်လို့စပါးမထွက်ရင်၊ အပြင် ပေါက်ဈေး ဖြစ်တဲ့ ၁ တင်း ၂၀၀၀နှုန်း နဲ့ ဝယ်ပြီးရအောင်ပေးရပါတယ်။ မပေးနိုင်ရင်ထောင်ကျတဲ့အထိတရားစွဲပါတယ်။ နှစ်စဉ် နွေရာသီအထူး သဖြင့် မတ်လလောက် ဆိုရင် စပါးအဝယ်ဒိုင်၊ အုပ်ချုပ်ရေးဌာန၊ ရဲ ၊ ပြည်သူ့စစ်စတာတွေနဲ့ စစ်ကြောင်းဖွဲ့ပြီး ရွာတွေမှာတအိမ်တက် - ဆင်း စပါးသိမ်း၊ လူဖမ်းစစ်ဆင်ရေးလုပ်ကြပါတယ်။
အဲဒါနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ တောင်သူလယ်သမားတွေမှာ ၂၀၀၂ ခုနှစ် စိုက်ရာသီမှာ ရေကြီး လို့ ၂၀၀၃ မှာ ပြန်မဆပ်နိုင်ကြဘူး။ ဒါကိုပဲခူးတိုင်းက လယ်သမားတွေနဲ့ဧရာဝတီတိုင်းက လယ်သမားတွေပါ ရောက်လာကြပြီး ကူညီဘို့ တောင်းဆိုကြတယ်။ အဲဒီ ၂၀၀၃ ခုနှစ် မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့မှာ ဆုံးဖြတ်ချက် ချကြတယ်။ထိရောက်တဲ့ လှုပ်ရှားမှုတခုခု လုပ်ကြမှရမယ်။ ဒါနဲ့ဧပြီလ၂ရက်နေ့မှာထပ်ပြီးအစည်းအဝေး လုပ်တယ်။ ဒီအစည်းအဝေးမှာ ဒေသတခုလုံးက ဆရာတော် ၊ သံဃာတော်တွေ၊ လယ်သမား ကိုယ်စားလှယ်တွေ၊ ပညာရေးဝန်ထမ်း၊ ကျန်းမာရေး ဝန်ထမ်းတွေအပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းတို့က ထောင်ချီတဲ့ လူထု ကိုယ်စားလှယ်တွေ တက်လာတယ်။ ဆွေးနွေးပွဲ က ဧပြီလ ၂ ရက်နေ့ည ၇ နာရီလောက်မှာလုပ်တာ မနက် ၄ နာရီ အထိရောက်တယ်။ နောက်တနေ့ မနက်ပိုင်း ပြန်ဆက်ကြတယ်။ ဆုံးဖြတ်ချက်က -
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆရာတော်သံဃာတော်တွေ စုပေါင်းပြီး မေတ္တာရပ်ခံစာရေးကြမယ်။ လယ်သမားတွေကြုံတွေ့နေရတဲ့ အခက်အခဲကို တင်ပြပြီးတော့ လယ်ယာ မြေဆိုင်ရာ ဥပဒေများဖြစ်တဲ့ ၂/၇၈၊ ၃/၇၈၊ ၄/၇၈ စတာတွေကို ဖျက်သိမ်း ခိုင်းမယ်။
- အဲဒီစာကို ဆရာတော်သံဃာတော်တွေကနေ ရောက်အောင်ပို့မယ်။ တောင်သူလယ်သမား ကိုယ်စားလှယ်တွေအားလုံး လက်မှတ်ထိုးပြီး မေတ္တာရပ်ခံမယ်။
- တကယ်လို့ စာရေးတောင်းဆိုတဲ့ ဆရာတော်သံဃာတော်တွေကို ဖမ်းဆီးတာမျိုးလုပ်ရင်ရွာတရွာ ဘုန်းကြီး ၁ ပါး၊ လူ ၅၀ ယောက် အားလုံးစုပေါင်းပြီး ရန်ကုန်အရောက် ငြိမ်းချမ်းစွာချီတက်မယ်။ စားစရာပါမရှိတော့တဲ့အခြေအနေမှာ တာဝန်ကျေစပါးမပေးနိုင်ကြောင်း စုပေါင်းအရေးဆိုမယ်။
အဲဒီတုံးကဦးဆောင်ပါဝင်တဲ့ ဆရာတော် သံဃာတော် လူပုဂ္ဂိုလ်အတော်များများ အခုဒီစာရေးနေတဲ့အချိန် မှာကို သက်ရှိထင်ရှား ရှိနေကြပါသေးတယ်။ ဦးဆောင်ဆရာတော် တပါးမိန့်ကြားခဲ့တာလေးကို ပြန်ပြီး လက်ဆင့်ကမ်းရမယ်ဆိုရင် “ဆရာနဲ့ဒကာ ရေနဲ့ကြာ ဆိုသလို ဒကာများ ဒုက္ခရောက်ကြပြီ ဆိုတော့ ဆရာလည်း မနေသာတော့ပါဘူး။ ဗုဒ္ဓသာသနာတော်ထွန်းလင်းဘို့ရာမှာ ဒကာများစိတ်ဆင်းရဲ ညှိုးငယ် ကြရင် သာသနာတော် ဘယ်လိုလုပ်တင့်တယ်တော့မလဲ ဒါကြောင့်တပည့်တော်တို့ ရဟန်းသံဃာများ မေတ္တာတော်ရှေ့ထားပြီး တစုံတခုတော့ လုပ်ပေးကြပါစို့” ဆိုပြီး မိန့်ကြားပါတယ်။ အဲဒီပွဲမှာဆရာတော် သံဃာတော် အပါး ၁၀၀ ကျော်လောက် ကြွရောက်တယ်။ မေတ္တာရပ်ခံစာမှာ ပါဝင်လက်မှတ်ထိုးတယ်။ ရလဒ်က အကောင်းဘက် ဦးတည်တယ်။
ဒါပေမဲ့ ကျနော့်အတွက်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး။ ကျနော့်အနေနဲ့မျှော်လင့်တာက လယ်သမား တိုက်ပွဲစနိုင်ပြီ။ ဒါပေမဲ့ ၂၀၀၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မြန်မာလိုနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥက္ကဌလက်မှတ်နဲ့ တာဝန်ကျေစပါးဝယ်ယူမှုအား အပြီးတိုင်ဖျက်သိမ်းလိုက်တဲ့ အမိန့်ကြေညာစာထွက်လာတယ်။ ဒီနေရာမှာ တောင်သူလယ်သမားတွေနဲ့ ဆရာတော်၊ သံဃာတော်တွေက အောင်ပွဲလို့မှတ်ယူကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တောင်သူလယ်သမားတွေတော့ အဆင်ပြေကြတယ်။ တာဝန်ကျေစပါးရောင်းရတယ်ဆိုတာ ၂၀၀၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ကစပြီး အခုရောနောင်ပါ အပြီးတိုင်မရှိတော့ဘူး။ အရင်ကဆိုရင် ဒိုင်ကို မရောင်းရသေးရင်၊ တာဝန်မကျေသေးရင် (စိုက်သီးနှံအမျိုးအစားအားလုံး)ကိုယ့်ဖာသာကိုယ် ကြိတ်ခွဲရောင်းချ ပိုင်ခွင့်လုံးဝမရှိဘူး။ လောလောဆယ်တော့ ၂၀၀၃ခုနှစ်အတွက် တင်နေတဲ့ အကြွေးတွေကိစ္စပြီးသွားတယ်။ ဒါက တနိုင်ငံလုံးအတွက်အဆင်ပြေသွားတာ။ ကရင်ပြည်နယ်မှာအခြေခံပြီး ကရင်ပြည်သူများ အားစိုက် လုပ်တယ်။ လက်တွဲဆောင်ရွက်ကြတာတော့ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းက ကိုယ်စားလှယ်အချို့ ပါဝင်ဆောင်ရွက်ကြတယ်။ တချို့ လည်း ဖုံးနဲ့ဆက်သွယ်တယ်။ တချို့လည်း စာပို့တယ်။ သတင်းတွေပို့ပေးတယ်။ နောက်ဆုံးတော့အောင်ပွဲရတယ်။ ဒီအကျိုးရလဒ်ခံစားခွင့်က တနိုင်ငံလုံး၊ အသေးစား လယ်သမား၊ အကြီးစားလယ်သမား၊ လယ်လုပ်သား၊ ပဲတောင်သူ၊ ပြောင်းတောင်သူ၊ ရာဘာစိုက် သူ အားလုံး ခံစားရပါတယ်။ အဲဒီတုံးက ကျနော်ရည်မှန်းထားတာက လယ်ယာ မြေဥပဒေ ပုဒ်မ ၂/၇၈၊ ၃/၇၈၊ ၄/၇၈ ကို ဖျက်သိမ်းစေချင်တာ။ ရှင်းရှင်း ပြောရရင် လယ်သမား တိုက်ပွဲဆင်နွှဲတာ။ ရလဒ်ကတော့ ရသွားတယ်။တာဝန်ကျေစပါးရောင်းချရခြင်းဖျက်သိမ်းတာ၊လွတ်လပ်စွာသယ်ဆောင်ခွင့်ပြုတာ၊လွတ်လပ်စွာကြိတ်ခွဲ စားသောက်ခွင့်ရသွားတာ။ အရင်ကဆို ကိုယ့်ဝမ်းစာ တောင် ကိုယ်ကြိတ်ခွဲရင် နောက်ဖေးက မောင်းဆုံမှာ တိတ်တိတ်လေး ထောင်းပြီးစားရတာ၊ အဲဒီလိုအခြေအနေ ကနေ ရုတ်တရက် လွတ်လပ်ခွင့် အနည်းငယ်ရလာတော့ ဒါကိုအရမ်းကြီးတဲ့ အောင်ပွဲလို့ယူဆတာကို အပြစ်ပြောလို့ မရဘူး။
ဒီစုစည်းမှုကိုအစုအဖွဲ့ တခုအနေနဲ့စံနစ်တကျဖွဲ့စည်းပြီး ဒီမိုကရေစီတည်ဆောက်မှုတော်လှန်ရေး အောင်မြင် သည်အထိ ဆက်လက်ချီတက်နိုင်ဘို့ ဖွဲ့စည်းခဲ့တဲ့အတွက် AFFM ဖြစ်လာစေမည့် အစ ကနဦး ရှေ့ပြေး အဖွဲ့အစည်းများဖြစ်တဲ့ AWU (Agricultural Worker Union) ၊ EWU (Education Worker Union)၊ HWU (Health Worker Union) ၊ CWU (Construction Worker Union) တို့ စတင် မွေးဖွားလာပါတယ်။ အဲဒီတုံးက သမဂ္ဂခေါင်းဆောင်တွေ အနေနဲ့ သူ့အဖွဲ့ငါ့အဖွဲ့ခွဲပြီး တာဝန်ထမ်းဆောင်တာမျိုး မဟုတ်ပါ။ ဆုံးဖြတ်ချက်အရ သတ်မှတ်ထားတဲ့အလုပ်တွေကို အားလုံးက ဝိုင်းပြီး ဆောင်ရွက်ကြတာမျိုးဖြစ်ပါတယ်။ အဲဒီတုံးက တုန့်ပြန်လှုပ်ရှားမှု (Re Active) နဲ့ ကိုယ့်မူကိုယ် တည်ဆောက်တဲ့ (Pro Active) တပြိုင်နက်တည်း လုပ်ကြတာပါ။ ဒါပေမဲ့ ကိုယ့်မူကိုယ်တည်ဆောက်တဲ့ (Pro Active) က အားနည်းပြီး ဖိအား ပေးတဲ့နည်း (Pressure) ကို အများဆုံး သုံးခဲ့ကြပါတယ်။ ရှင်းရှင်းပြောရရင်တည်ဆဲအစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရား ရပ်တန့် အောင် တွန်းအား - ဖိအားပေးလုပ်ဆောင်ခဲ့တဲ့ (Re active) ကိုသာ နိုင်နိုင် သုံးခြင်းဖြစ်ပါတယ်။
တကယ်တော့ ဒီရလဒ်ထွက်ဘို့ကို ရင်းနှီးမြှုပ်နှံရတာငွေသိပ်မများဘူး။ လုပ်အားနဲ့ အသက်ရင်းခဲ့ ရတာ။ သစ္စာပြုမှု အပေါ် ယုံကြည်မှုတွေရရှိပြီး အောင်ပွဲတခုရရှိသွားခဲ့တာဖြစ်ပါတယ်။ လမ်းဖြောင့် ကနေ မသွားနိုင် တဲ့မိုင်၅၀ခရီးကို တောတိုး-တောင်တက်-ချောင်းဖြတ်မှုတွေ ပါဝင်တဲ့ ၃ ရက်တိတိ မိုးလင်းမှမိုးချုပ်တိုင်အောင် ခရီးပြင်းနှင်ရပါတယ်။ စာရွက်စာတမ်း၊စက်ပစ္စည်းကရိယာ၊ဆက်သွယ်ရေးကရိယာတွေကို ကိုယ့်ဖာသာ ကိုယ်ထမ်းရပါတယ်။ ၂၀၀၃ခုနှစ်လောက်မှာ ကျေးလက်ဒေသအတော်များများ ကွန်ပျူတာတွေမရှိသေးဘူး။ ဒါကို ကျနော်ကအိတ်ဆောင်ကွန်ပျူတာနဲ့ အိတ်ဆောင်ပရင်တာယူသွားတယ်။ ထိုင်းဘက်မှာတော့ဒါတွေကို တွင်တွင်ကျယ်ကျယ်ကြီး သုံးနေကြပြီဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှ တဖြည်းဖြည်းခေတ်မှီလာပြီး ရွာတိုင်း လောက် နီးပါး ဆိုင်ကယ်တွေ၊ ကွန်ပျူတာတွေ၊ ဂြိုလ်တုဖုံးတွေဖြစ်ကုန်ကြတာ။ ၂၀၀၃ အစပိုင်းမှာ လုပ်ကြတဲ့ ကျနော်တို့ကတော့ အသွား ၃ ရက် ခရီးပြင်းနှင်ပြီး လုပ်စရာရှိတာလုပ်၊ လူစုကြဖိတ်ကြားကြ ရိက္ခာ ဖြည့်တင်း ပြီး လူထုလှုပ်ရှားမှုလုပ်လိုက်နဲ့အပြန် ၃ ရက် ခရီးပြင်းနှင်လိုက်။ အသွားအပြန် အကြိမ်ပေါင်း ၂၀ လောက်သွား မှ ဒီလိုရလဒ်ကောင်းလေးရလာတာ ဖြစ်ပါတယ်။
အဲဒီရွာကို ကျနော်တို့က အောင်မြေလို့ ခေါ်တယ်။ ရွာသားတွေရဲ့သတ္တိနဲ့ပါဝင် ဆောင်ရွက်မှု၊စိတ်အား ထက်သန်မှု၊ အနစ်နာ ခံမှုတွေကိုလည်း အခုအထိ အမှတ်ရ နေပါ တယ်။ ကျနော်တို့လှုပ်ရှားမှုတွေ အပြီးမှာ အဲဒီရွာက လူကြီးလူငယ်ခေါင်းဆောင်တွေကို အနီးဆုံးမှာရှိတဲ့ ရှေ့တန်း အခြေချ စစ်ဗျူဟာ က ခေါ်ယူစစ်ဆေးဖိအားပေးတာ ခံရပါတယ်။ နောက်ပိုင်းမှာလည်း ကျနော်တို့ အခြားလှုပ်ရှားမှုတွေ အဲဒီရွာမှာသွားလုပ် ဖြစ်ပါသေးတယ်။
အောင်ပွဲရထားတဲ့အတွက် ဒေသတွင်းမှာ လှုပ်ရှားမှုတွေအားကောင်းလာခဲ့ပါတယ်။ ဒေသခံ ပြည်သူလူထု က လှိုက်လှိုက်လှဲလှဲ လက်ခံကြိုဆိုကြပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ကုလသမဂ္ဂရဲ့ ပြဌာန်းချက် အမှတ် ၅၇/၁၀၂ အရ အပြည်ပြည်ဆိုင်ရာဆန်စပါးနှစ်သတ်မှတ်ပြီး လယ်သမားလှုပ်ရှားမှုတွေ အရှိန်မြှင့်တင် ဆောင်ရွက်ကြ ပါတယ်။ အဲဒီနှစ်မှာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံများ ဆိုင်ရာညီလာခံ ဆုံးဖြတ်ချက်အရအနိမ့်ဆုံးလုပ်ခကို တနေ့ ၈ နာရီ အလုပ်ချိန် အတွက် ၁ ဒေါ်လာ နှုန်း သတ်မှတ်ပေးဘို့ လှုပ်ရှားရပြန်ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာတရားဝင်ငွေလဲနှုန်းက အမေရိကန် တဒေါ်လာကို ၇ ကျပ် ပြား ၅၀နှုန်း ဖြစ်ပြီး မှောင်ခိုဈေးကွက်မှာတော့ ၁ ဒေါ်လာကို ၁၆၅၀ ကျပ် ဖြစ်ပါတယ်။ အဲဒီတုံးက မြန်မာနိုင်ငံမှာအနိမ့်ဆုံးလုပ်ခသတ်မှတ်ထားတာက တနေ့၈နာရီထက်ပိုတဲ့အလုပ်ချိန် အတွက် တနေ့ကို ၂၀၀ ကျပ်လောက်ပဲပေးပါတယ်။ (ကိန်းဂဏန်းများအနည်းငယ်လွဲနေရင် တည့်မတ်ပေးပါ ခင်ဗျား) ဒါကိုကျနော်တို့က ၁ဒေါ်လာတိုက်ပွဲဆိုပြီး ၂၀၀၄ ခုနှစ် မေဒေးမှာ လူထုစစ်ကြောင်းတွေဖွဲ့ပြီး လှုပ်ရှားကြတာ။ အရမ်းအောင်မြင်တယ်။ ဒီတိုက်ပွဲလည်းနှစ်လယ်လောက်မှာ ရလဒ်ကောင်းထွက်လာပါတယ်။ အောင်ပွဲ ရတယ်လို့ ဆိုကြပြန်ပါတယ်။


အပိုင်း(၂)
နှစ်စဉ်ကျင်းပသည့် မေဒေးနေ့အခမ်းအနား ၂၀၀၅ ခုနှစ်ကျမှ ထူးဆန်းသွားတယ်။
ဒီလိုနဲ့ စိုက်ပျိုးရေးလုပ်သားသမဂ္ဂ၊ ပညာရေးလုပ်သားသမဂ္ဂ၊ ကျန်းမာရေးလုပ်သားသမဂ္ဂနဲ့ ဆောက်လုပ်ရေး လုပ်သားသမဂ္ဂတွေ အင်အားအပြည့်နဲ့စည်းရုံးလှုပ်ရှားမှုတွေ အရှိန်မြှင့်တင်ခဲ့တယ်။ နှစ်စဉ် ၂၀၀၂ ခုနှစ်ကစလို့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနား ပုံမှန်လုပ်တယ်။ လူထုလှုပ်ရှားမှုတွေလုပ်တယ်။ ၂၀၀၅ ခုနှစ် ကမ္ဘာ့ အလုပ်သမားနေ့ ကျင်းပဘို့အတွက် ပြင်ဆင်နေရင်း ခမရ (၃၀၈) က ကျင်းပမည့်ကွင်းထဲကို လက်နက်ကြီး အလုံး ၃၀ ကျော်ပစ်ချပြီး ပွဲဖျက်ခဲ့တယ်။ ပုံမှန်အတိုင်းဆို တကယ်စည်ကားမည့်ပွဲကြီးပါ။ တက်လာတဲ့ လူထု စစ်ကြောင်းတွေကလည်း အားကောင်းတယ်။ ဒေသခံတိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်တွေပါထည့်သွင်း ထားတော့ အားလုံးက အားခဲထားတဲ့ပွဲလို့ ဆိုရမှာပါ။
၂၀၀၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီလောက်ကစပြီး အခမ်းအနားအတွက် အသေးစိတ် ပြင်ဆင် နေခဲ့ပါတယ်။ ချီတက်လာတဲ့ လူထုစစ်ကြောင်းတွေအားလုံးမှ တင်ပြကြမည့် စာတမ်းတွေရေးသားတယ်။ အခမ်းအနား အစီအစဉ်တခုလုံး အဆင့်လိုက်လုပ်ငန်းစဉ်တွေစီမံပြီး ဧည့်ခံဖျော်ဖြေရေးကစလို့ နေရာ ချထား ရေး၊ ကျွေးမွေးရေးအစီအစဉ် လုံခြုံရေးအားလုံးကို ပုံစံတကျ စီစဉ်နေစဉ်မှာ နေ့လည် ၁ နာရီ လောက် ကတည်းက သတင်းမကောင်းဘူး။ စစ်ကြောင်းစထွက်လာတယ်။ ကျနော်တို့ရှိတဲ့အရပ်ကို တည့်တည့်ဦးတည် နေတယ်။ ဒါနဲ့ကျနော်လည်းဆရာတော်သံဃာတော်တွေသွားပင့်ပြီး လျှောက်ထားတယ်။ စစ်ကြောင်းလာခဲ့ရင် ဒီက အစီအစဉ်တွေမပျက်ရအောင် တားမြစ်ပေးဘို့နဲ့ မဝင်လာဘို့။ ဒါကိုဆရာတော် သံဃာတော် ၃ ပါး က သွားပြီး ရွာထိပ်ကဝင်လာမည့် လမ်းတည့်တည့်မှာသွားစောင့်နေခဲ့ပါတယ်။ ညနေ ၃ နာရီ လောက်အထိ ကျနော်အစီအစဉ်တွေရေးဆွဲပြီးစီးတဲ့ အချိန်အထိ ဆရာတော်တို့ပြန်မရောက်လာဘူး။ တကယ်ဆို စစ်ကြောင်း စထွက်တဲ့နေရာနဲ့ ကျနော်ရုံးဖွင့်ပြီး အခမ်းအနားအစီအစဉ်ရေးဆွဲနေတဲ့နေရာက ၆ မိုင် လောက်ပဲရှိမယ်။ ဒါကို ကျနော်နည်းနည်း စိတ်ပူတာနဲ့ တပည့်လေးရဲ့ဆိုင်ကယ်ကိုယူပြီး ရွာထိပ်ချောင်းကိုဖြတ်ထားတဲ့ တံတားကို မောင်းသွားလိုက်တယ်။ စစ်ကြောင်းကရွာလမ်းကနေမလာပဲ ကျနော်စိုးရိမ်တဲ့ချောင်းဘေးကနေလူမသိအောင် သတင်းဖျောက်ပြီး ဝင်လာရင်ခက်မယ်ဆိုတဲ့ အတွေးဝင်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုသွားပြီး သတိပေး စကားပြောပြီး ပြန်ထွက်လာတယ်။ တချိန်ထဲမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျနော်ညွှန်ပြတဲ့နေရာကို ချက်ချင်း သွားပြီးနေရာယူအပြီး ၂ မိနစ်အကြာမှာ စစ်ကြောင်းရဲ့ ပွိုင့်က အပြေးတက်လာတာနဲ့ တည့်တည့်တိုးပါတယ်။ ချက်ချင်းသေနတ်သံပေါက်ပြီး ထိတွေ့တိုက်ပွဲ မိနစ် ၂၀ လောက် ဖြစ်ပါတယ်။ ဖြစ်တဲ့အချိန်မှာ ရွာထဲက ကျနော်တို့ အခမ်းအနားကျင်းပမည့် ကွင်းထဲကို လက်နက်ကြီး အလုံး ၃၀ ကျော် ပစ်ချခဲ့ပါတယ်။ ကုသိုလ် ကံကောင်းလို့ လူ၊ ကျွဲ နွားတိရိစ္ဆာန် ဘာမှ အသေ အပျောက်မရှိခဲ့ပါဘူး။
ကျနော်စီမံချက်တွေ ရေးနေတဲ့ အချိန်မှာ သံဃာတော်တွေက ကျနော်နဲ့အတူ ကွပ်ကဲရေးရုံးဖွင့်ထားတဲ့ အိမ်ကလေးမှာ ရှိနေကြတာ။ အဲဒီအိမ်ကလေးက ပျဉ်ထောင်ဓနိမိုး တထပ်အိမ်ကလေးဖြစ်ပြီး နိမ့်ပါတယ်။ ကြမ်းပြင်နဲ့ မြေပြင်က ခန့်မှန်းခြေ တတောင်လောက်မြင့်ပါလိမ့်မယ်။ တိုက်ပွဲစဖြစ်ပြီး အိမ်ကလေးရဲ့ဘေးက အနန်းပင်ကိုလက်နက်ကြီးတလုံး တိုက်ရိုက်ထိမှန်သွားလို့ ဝုန်းကနဲ့ အသံထွက်လာတဲ့အချိန်မှာ အိမ်ထဲက သံဃာတော် ၃ ပါး တတောင်အမြင့် အိမ်အောက်ကို ဘယ်လိုမျိုးအလိုအလျောက်ရောက်သွားမှန်း မသိဘူးလို့ အဲဒီသံဃာတော်တွေနောက်ပိုင်းမှ ပြန်ပြောကြပါတယ်။ သံဃာတော် ၃ ပါးလုံး အဲဒီလိုအိမ်ကြမ်းပြင်အောက် ရောက်နေတုန်း ဝင်လာတဲ့ စစ်ကြောင်းက တပ်စိတ်တစိတ်က အဲဒီဘေးမှာ နေရာလာယူတာနဲ့ တည့်တည့် တိုးလို့ အဲဒီအတိုင်းပဲ အောက်မှာ ဆက်ဝပ်နေလိုက်ပါတယ်။ အဲဒီတပ်စိတ်က တပ်စိတ်မှူး ဒုတပ်ကြပ်က “ဟို ဆိုင်ကယ်အပြာနဲ့ ဝါးခမောက်ဆောင်းထားတဲ့အကောင်လာပြောလို့ ဒို့အပစ်ခံရတာ။ အဲဒီကောင်ကို မြေလှန် ရှာမယ်။ တွေ့လို့ကတော့ မင်းတို့ငရုပ်သီးထောင်းထား။ စိမ်းကော (အစိမ်းသုပ်) လုပ်ပြီးစားမယ်။” အဲဒီလို ပြောတာကိုကြမ်းအောက်မှာဝပ်နေတဲ့ သံဃာတော်၃ပါးကသိတယ်။ ဒို့ဆရာကိုတော့ ဒီကောင်တွေ အစိမ်းစား ချင်နေပြီ။ သိပ်မကြာခင်မှာ အိမ်အောက်ငုံ့ကြည့်မှ ဘုန်းကြီး ၃ ပါးတွေ့လို့ ထွက်လာခိုင်းပါတယ်။ ဘာမှတော့ မလုပ်ဘူး။ ဒါကိုလည်း နောက်တနေ့ပြန်ဆုံကြမှသိရတာပါ။ အဲဒီအချိန်မှာ ကျနော်က ရွာလယ်မှာရှိနေတဲ့ ဧည့်ခံကျွေးမွေးရေးကော်မတီကိုအခြေအနေမကောင်းကြောင်းသွားပြောနေတုံးတိုက်ပွဲစတဲ့အချိန် ဖြစ်ပါတယ်။
ဒီလိုနဲ့ အခမ်းအနားကို ချီတက်လာတဲ့ လူထုပရိတ်သတ်တွေလည်း ရွာထဲမှာပဲ အသာလေးလျှိုနေ လိုက်ကြ တယ်။ ကျနော်တို့ကတော့ ရွာမြောက်ပိုင်းလောက်မှာသွားပြီး ကိုယ်ရောင်ဖျောက်နေ လိုက်တယ်။ ရွာထဲမှာ တိုက်ပွဲဖြစ်ရင် ထုံးစံအတိုင်း ပြေးတဲ့သူကပြေး၊ ပုန်းတဲ့သူကပုန်းနဲ့ပေါ့ဗျာ။ ကျနော်သွားကိုယ်ရောင် ဖျောက် နေတဲ့ ရွာမြောက်ပိုင်းကို လူတအုပ်ကြီးပြေးလာတာ သေနတ်သံအရမ်းနီးလွန်းတော့ အနီးဆုံးချောင်းကူး တံတားအောက်ထဲကိုဝင်နေကြတာ လူ ၂၀ လောက်ရှိမယ်။ ပုံမှန်ဆိုရင် ၅ ယောက်တောင်မဝင်ဘူး။ သေနတ်သံ နည်းနည်းကျဲလို့ ပြန်ထွက်ပြေးကြတော့ တချို့က ရုတ်တရက်ထွက်လို့မရဘူး။ လူတယောက်ဆို ထွက်လည်းရရော ပြေးသွားတာအားရပါးရပဲ။ ပြေးရင်းနဲ့ငုံ့ကြည့်မှသူ့မှာ ပုဆိုးတောင်မပါတော့ဘူး။ ရှေ့က စက်ဘီးနင်းပြီး ပြေးသူလည်းနင်းရင်းနဲ့အားမရလို့ စက်ဘီးပစ်ထားပြီးပြေးတာ။ စစ်ကြောင်းကလည်း ဘုန်းကြီးကျောင်းမှာ နေရာယူ စခန်းချတယ်။ တပ်ရင်းမှူးက ဆရာတော်ကျောင်းပေါ်မှာ နေရာယူထားတယ်။ ဒါနဲ့ပဲ ညနေစောင်း တော့ကျနော်က အမျိုးသမီးခေါင်းဆောင်ကို ဆရာတော်ဆီကိုလွှတ်တယ်။ ဆက်လုပ် ရမလားပေါ့။ ဆရာတော် ကလည်းဆက်လုပ်လို့ မိန့်ကြားလာတယ်။ တကယ်တော့ကျနော်တို့ အခမ်းအနား လုပ်မည့်ကွင်းနဲ့ ဘုန်းကြီး ကျောင်း အကွာအဝေးက ကိုက် ၅၀၀ လောက်ရှိမယ်။ လှမ်းကြည့်လို့မြင်ရတယ်။ ကျယ်ကျယ်ခေါ်ရင် ကြားရ တယ်။ ဒါနဲ့ကွင်းထဲကိုချီတက်တယ်။ တပည့်တယောက်ကနောက်ခံ ဘက်ဂရောင်း တွေကို လိုက်ကပ်တယ်။ တယောက်က စင်မြင့်ကိုအသေးစိတ်ပြင်တယ်။ နောက်တယောက်က အသံချဲ့စက် စဖွင့်တယ်။ ကျနော်တို့ကိုယ်၌ကလည်းမခံချင်စိတ်နဲ့သာလုပ်တာ။ မိုက်ရူးရဲဆန်လွန်းတယ်။ ဒီလောက် လက်တကမ်းပစ်မှတ်မှာသွားပြီးတော့လုပ်တာ။ အားလုံးကဘာဖြစ်မလဲ တထိတ်ထိတ်နဲ့စောင့်ကြည့် နေကြ တာ။ ခဏကြာတော့ (သီချင်းတပုဒ်လောက်ဖွင့်အပြီး)မှာ ကိုရင်လေးတပါး အပြေးအလွှား ရောက်လာတယ်။ တပ်ရင်းမှူးက ဆက်မလုပ်ဘို့ ရပ်လိုက်ဘို့ ပြောခိုင်းတယ်။ ကျနော်တို့ကတော့ ဆရာတော် မီးစိမ်း ပြထား တဲ့အတွက် ဆက်လုပ်တယ်။နောက်တခေါက်တော့ ကိုရင်လေးမဟုတ်တော့ဘူး။ ဦးပဉ္ဇင်းတပါး ပါလာတယ်။ ရပ်ရင်ရပ် - မရပ်ရင် လက်နက်ကြီးနဲ့ပစ်မယ်လို့ ပြောနေတယ်။ ဒါနဲ့ကျနော်တို့လည်း ကိုယ့်မာန အတွက်နဲ့ ရွာထိခိုက်မယ် ဆိုပြီး ပြန်ထွက်ခဲ့ရတယ်။
စဉ်းစားကြည့်ဗျာ။ ကျနော်က ဒေသခံရွာသားတွေနဲ့ သမဂ္ဂတွေအများကြီးဖွဲ့စည်းပြီး တိုင်းပြည်ကို ဘယ်လို တည်ဆောက်မှာ ဘယ်လိုလုပ်မှာဆိုပြီး အာဘောင်အာရင်း သန်သန်နဲ့ပြောနေရင်း သေနတ်ပေါက်တာနဲ့လစ်ရတာတော့ ရှက်လည်းရှက်တယ်။ နာလည်းနာတယ်။ ဒါနဲ့ အရှက်ပြေ မိုက်ရူးရဲ လိုက်လုပ်လို့ကလည်း မဖြစ်ဘူး။ ၂၀၀၅ ခုနှစ် မေလ (၁) ရက်နေ့ ညနေပိုင်းကျမှ စစ်ကြောင်းက ပြန်ထွက်သွား တယ်။ သူတို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ မေလ (၁) ရက်မှာ ကျင်းပမည့် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနား မဖြစ်စေ ရဘူး။ အဲဒီရည်မှန်းချက် အောင်မြင်သွားလို့ ညနေပိုင်း ပြန်ထွက်သွားတာဖြစ်တယ်။
သို့သော် ကျနော်တို့ကလည်း အဲဒီမေလ ၁ ရက်နေ့မှာ မဖြစ်မနေရအောင်ကျင်းပဘို့ အခြားရွာတရွာမှာ စီစဉ် ထားတယ်။ အခမ်းအနားကျင်းပဘို့ မီးစက်သမားက မလိုက်ရဲဘူး။ မီးစက်သံကြားလို့ လက်နက်ကြီးနဲ့ လှမ်းထု ရင်အားလုံးငါးပါးမှောက်မှာစိုးတယ်နဲ့တူတယ်။ ဒါနဲ့ကျနော်တို့ကလည်းရအောင်လုပ်ရမှာဆိုတော့ အုတ်ဖုတ်တဲ့ ကွင်းထဲက အုတ်သယ် လော်လီကား ၂ စီးကို သွားငှားလိုက်တယ်။
ကားစက်သံ ကတော့ မီးစက် လောက် မကျယ်ဘူးပေါ့ဗျာ။ အဲဒီ ကား ၂ စီးက ရှေ့မီး ၂ လုံး ပြိုင်ထိုးပြီး အခမ်းအနားတခုအောင်မြင်စွာ ကျင်းပလိုက်နိုင်ခဲ့ပါတယ်။ နောက်ခံ ဘက်ဂရောင်းကတော့ လက်ဆွဲဟွန်ဒါ မီးစက်အသေးလေးနဲ့ မီးထွန်းပေးထားလိုက်တယ်။ အဲဒါတောင်ဗီဒီယိုရုံကသွားယူလာတာ။ ဧည့်ခံ ကျွေးမွေးရေးအတွက် ကျနော်က စံခလကဆင်းလာ ကတည်း က Blender ဖျော်ရည် စက်ယူလာတယ်။ အဲဒါနဲ့ ဒေသတွင်းရှိတဲ့ သံပုရာသီးတွေခူးပြီး သံပုရာရည် ဖျော်တိုက်လိုက်တယ်။ အဲဒီလို တိုက်ပွဲကြားမှာ မိုက်ရူးရဲ လုပ်တဲ့ ဆရာသမား နောက်က သတ္တိရှိရှိ လိုက်လာ လုပ်အားပေးခဲ့တဲ့ ဆရာမ ၃ ယောက်ကို ဒီစာနဲ့ ကျေးဇူး တင်ကြောင်းပြောရင် ကျေနပ်ပါနော်။ စိတ်ထင်တိုင်း လုပ်သမျှကို အလိုလိုက်ပေးတဲ့ ဒေသခံခေါင်းဆောင် အကိုကြီးများ ညီငယ်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီ အခမ်းအနားမှာ မူလအစီအစဉ်အတိုင်း ကရင်ဒုံးယိမ်း ပြိုင်ပွဲတော့ မလုပ်နိုင်တော့ဘူး။ ဖျော်ဖြေရေးအနေနဲ့ လုပ်ဖြစ်တယ်။
ဒီထက်ဆိုးတဲ့အဖြစ်တွေ၊ ဖနောင့်နဲ့တင်ပါးတသားတည်းကျအောင်ပြေးရတဲ့ပွဲတွေလည်းရှိသေးတယ်။နောက်မှ သပ်သပ်ရေးတော့မယ်။

AFFM Policy

The Agriculture and Farmer Federation of Myanmar (AFFM) is a democratic trade union which is committed to assisting the men and women of Myanmar’s agriculture and farming sector as well as those working in food production. The AFFM is an independent and internationally recognized federation that works to:

AFFM Policy