AFFM ရှင်းတမ်း အပိုင်း (၃)

AFFM ရှင်းတမ်း

အပိုင်း (၃)
လွှတ်တော်ခေါ်ယူရေးလှုပ်ရှားမှု၊ လယ်သမားလှုပ်ရှားမှုနှင့် ရွှေဝါရောင်တော်လှန်ရေး
အဲဒီအချိန်တုန်းက ကျနော်တို့အားလုံးရဲ့ အမြင့်ဆုံးတောင်းဆိုသံက ၁၉၉၀ ရွေးကောက်ပွဲရလဒ် လက်တွေ့ အကောင်အထည် ဖေါ်ရေးလှုပ်ရှားမှုဖြစ်ပါတယ်။ ဒါပေမဲ့ဒီတောင်းဆိုလှုပ်ရှားမှုက ထိုင်းမြန်မာနယ်စပ်ကိုကျော် သွားပြီး အပြင်ဘက်နဲ့နိုင်ငံတကာမှာ လှုပ်ရှားမှုအရှိန်မြင့်သလောက် ပြည်တွင်းတိုင်းရင်းသား ဒေသတွေနဲ့ ကျေးလက်ဒေသတွေမှာမပြန့်နှံ့ခဲ့ဘူး။ဒါကြောင့်တိုင်းရင်းသားဒေသတွေမှာ အရှိန်မြှင့်ဆောင်ရွက်မည့် စီမံချက် ချမှတ်အကောင်အထည်ဖေါ်ခဲ့တာဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားဒေသတွေကို ၁၉၈၈ ခုနှစ်မှာ ရောက်ရှိလာကတည်းက ပထမဆုံး စကားလုံးအသစ်အဆန်း တလုံးကြားရတာက မဟာဗမာလူမျိုးကြီးဝါဒီဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ရုတ်တရက် ကျနော်တို့နားမလည်ဘူး။ ဘာကိုပြောတာပါလိမ့်ပေါ့နော်။ ဗမာလူမျိုးတွေကိုမုန်းနေတာလား။ ဘာကြောင့်လဲအစရှိသဖြင့် အတွေးတွေအများကြီးဖြစ်လာတယ်။ ကိုယ်တွေကလည်းထွက်လာတာက ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းမှာ စစ်ပညာသွားသင် စစ်ကြောင်းဖွဲ့ပြီး မြန်မာပြည်သွားသိမ်းချင်လို့ ထွက်လာ တာ။ ကိုယ်မသိတဲ့စကားလုံးနဲ့ အယူအဆသစ်တွေတွေ့တော့မှ မြန်မာပြည်ဒီမိုကရေစီ တော်လှန်ရေး မလွယ်မှန်း သိတော့တယ်။ ဒါကိုသေသေချာချာလေ့လာကြည့်မှ နာကျင်တဲ့လူလည်းနာကျင်နိုင်လောက်တဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်။ ဒါကြောင့် အချိန်အကြာကြီးခံစားနေကြတာ။ အဲဒီတုန်းက တကယ်နားမလည်နိုင်ခဲ့တာ က ကိုယ်တွေက စစ်အာဏာရှင်ကိုတော်လှန်ချင်လို့ထွက်လာကာမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ ရဲ့ အနီးဆုံးမှာရှိတဲ့ ကိုယ်တွေကို မဟာဗမာလူမျိုးကြီးဝါဒီတွေလို့စွပ်စွဲတာ။ ကိုယ်တွေလည်း သည်းခံပြီး တဖြည်းဖြည်း ပြန်စည်းရုံးရပါတယ်။ ပြန်ရှင်းပြရပါတယ်။ တိုင်းရင်းသားတွေထဲမှာ နိုင်ငံရေးကို တကယ် နားလည်ပြီး ကျနော်တို့တတွေကို ခင်မင်သံယောဇဉ်ရှိတဲ့ ခေါင်းဆောင်တွေလည်း အများကြီးရှိပါတယ်။ ဒီလိုနဲ့ တပ်ပေါင်းစုအပေါ်ယုံကြည်သက်ဝင်မှုအားကလည်းကြီးလာခဲ့ပါတယ်။အမှန်တကယ်တော့၁၉၈၈အရေးအခင်း က အားလုံးအတွက်ကောင်းသွားသလို လူမျိုးတမျိုးနဲ့တမျိုးမုန်းတီးနေကြတာလည်း မရှိတော့သလောက် ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းပေါ် တဖြည်းဖြည်းရောက်လာခဲ့တာပါ။ တကယ့်ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မယ် ဆိုရင်တော့ သုတပညာ အခြေခံတဲ့ ငြိမ်းချမ်းရေးပန်းတိုင်အတွက် လျှောက်လှမ်းရမယ့်လမ်းက အဆင့်ဆင့်ရှိတယ်။ အနည်းဆုံး ၆ နှစ် လောက်လုပ်မှရမှာ။ ဒါတောင် ပြင်းပြင်းထန်ထန်လုပ်မှနော်။ တဖက်ကလည်း အခြေခံ ပြည်သူ တရပ်လုံး အတွက် အလုပ်အကိုင်နဲ့ ၀င်ငွေ၊ ကျန်းမာရေး ပညာရေးစောင့်ရှောက်မှု ၊ လူမှုကာကွယ် စောင့်ရှောက်ရေး တပြိုင်နက်အားလုံးလုပ်မှ တဖက်က သုတပညာအခြေခံတဲ့ ငြိမ်းချမ်းရေးကို အရှိန်မြှင့်လို့ရမှာ။ ထားပါတော့ ဒါနဲ့ပါတ်သက်လို့ သတ်သတ်ရေးပါ့မယ်။
ဒီလိုနဲ့ ကျနော်တို့တတွေ ဒေသခံခေါင်းဆောင်များနဲ့အတူ လက်တွဲလုပ်လာရင်း နားလည်မှု၊ ယုံကြည်မှုတွေ ရလာတဲ့အခါမှာ ဆုံရပ်ကို သဘောပေါက်လာကြတယ်။ ထိရောက်တဲ့နိုင်ငံတကာဖိအား - အတိုက်အခံများ တော်လှန်သူများအတွင်းစုစည်းမှု (တပ်ဦး /တပ်ပေါင်းစု) အားကောင်းမှု - စည်းလုံးညီညွတ်သည့် အင်အား အပြည့်ရှိသောလူထုထောက်ခံမှုဆိုတာကိုနားလည်လာတယ်။အဲဒီအထဲကမှအတိုက်အခံအားလုံးကို ကိုယ်စား ပြုတဲ့ခေါင်းဆောင် ၊ အဖိနှိပ်ခံပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လို့ အသိအမှတ်ပြုကြတယ်။ အဲဒီအချိန်မှာ ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုရဲ့ ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရှိနေတယ်။အားကိုးတာလည်းရှိပါတယ်။ယုံကြည်တာလည်းရှိပါတယ်။အဓိကအကျဆုံး ကတော့ မေတ္တာရှိတာ။ ကရုဏာဖြစ်တာ။ ဒါကိုလေးလေးနက်နက် နားလည်ဘို့လိုပါတယ်။
ကျနော်အနေနဲ့ ပြည်သူလူထုကို ပကတိအခြေအနေအမှန်ကိုရှင်းပြတယ်။ မြန်မာနိုင်ငံအပေါ် သက်ရောက် နိုင်တဲ့ နိုင်ငံတကာဖိအား အခြေအနေကိုပြောတယ်။ ပြည်တွင်းအင်အားစုတွေကို ချိတ်ဆက်တယ်။ အားပေး တယ်။ ကုန်ကုန်ပြောမယ်ဗျာ။ အထောက်အပံ့ပါလုပ်တယ်။ အခုအထိကျနော့်မှာ စာရင်းဇယား လက်ခံ ဖြတ်ပိုင်း အားလုံးရှိတယ်။
ကျနော်တို့တွေ မခံချင်စိတ်နဲ့ ၁၉၈၈ မှာထွက်လာတယ်။ ၁၉၉၀ မှာတော့ အခြေအနေတွေပြောင်းသွားတယ်။ ၁၉၉၃ မှာ ရှေ့တန်းဒေသတွေမှာ အခြေပြုပြီး လူထုဆက်ဆံရေးကိစ္စတွေ လုပ်တယ်။ ကျနော့်ယုံကြည်ချက်က ကျေးလက်တည်ဆောက်ပြီး မြို့ပြကိုဝိုင်းမယ်။ ဒါနဲ့ပညာရေး၊ ကျန်းမာရေး။ ယဉ်ကျေးမှု၊ အနုပညာလက်နက် အစုံအလင်နဲ့ တည်ဆောက်ရေးလုပ်တာ ၁၉၉၇ ခုနှစ် ထိုးစစ်အောက်မှာ ပျောက်သွားတယ်။ ကျနော်တို့ရဲ့ အဓိက အမာခံအင်အားတွေအားလုံးလောက်နီးပါး ဒုက္ခသည် စခန်းကိုရောက်ကုန်တယ်။
ဒါနဲ့ကျန်ာထိုင်းနယ်စပ်မြို့ကလေးကိုပြန်လာပြီး အလုပ်သမားသမဂ္ဂအဖြစ် ခံယူလှုပ်ရှားခဲ့ပါတယ်။ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်ဖြစ်လာတော့ သင်ကြားခွင့်ရလာခဲ့တယ်။ နိုင်ငံတကာအခြေအနေတွေကို လေ့လာခွင့်ရခဲ့တယ်။ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ထိတွေ့ပြီး သူတို့ကျော်လွှားဖြတ်သန်းခဲ့တဲ့ တကယ့် အတွေ့အကြုံတွေကို သင်ယူ ခွင့်ရခဲ့ပါတယ်။ ကျနော်ကအနားမရခဲ့ဘူး။ နားမနေဘူး။ သိရသမျှလေးတွေကို မသိသေးတဲ့သူတွေကို ဖြန့်ဝေတယ်။ ကျနော်တယောက်ထဲသိနေလို့မရဘူး။ အားလုံးသိမှဖြစ်မှာ။ အားလုံးပါဝင်မှ ဒီတော်လှန်ရေး အောင်မယ်လို့ ယုံကြည်ထားတဲ့ကျနော့်အနေနဲ့ Knowledge Sharing လုပ်တယ်။ Knowledge Sharing လုပ်ဘို့ လိုချင်တဲ့ အသိုင်းအ၀ိုင်းတွေ ဖန်တီးတည်ဆောက်ရပါတယ်။
၂၀၀၁ ခုနှစ်ကနေ နယ်ကိုပြန်ဆင်းပြီး တည်ဆောက်ရေးအားသွန်ခွန်စိုက်လုပ်တယ်။ ၂၀၀၂ မေဒေးနေ့ အခမ်းအနားကျင်းပတယ်။ သင်တန်းနဲ့ ဆွေးနွေးပွဲတွေ အကြိမ်ပေါင်းများစွာလုပ်တယ်။ အပိုင်း (၁)နဲ့ (၂) မှာ တင်ပြထားတဲ့အတိုင်း ၂၀၀၃ လယ်သမား လှုပ်ရှားမှုတွေ လုပ်တယ်။ ၂၀၀၄ အပြည်ပြည်ဆိုင်ရာ ဆန်စပါးနှစ် အထိမ်းအမှတ်ပွဲတွေလုပ်တယ်။ အနိမ့်ဆုံးလုပ်ခ တနေ့ ၁ ဒေါ်လာတိုက်ပွဲ လုပ်တယ်။ ၂၀၀၅ မေဒေးနေ့ အခမ်းအနားကို အခက်အခဲကြားက လုပ်တယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နှစ် ၆၀ ပြည့် မွေးနေ့ကို ဒေသခံအဖွဲ့အစည်း၊ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး - ဆရာလေးများ၊ ကျောင်းဆရာ ဆရာမများပါဝင်တဲ့ ဒေသခံပြည်သူတရပ်လုံးနဲ့အတူ စည်စည်ကားကားကျင်းပကြတယ်။
၂၀၀၆ ခုနှစ်ရောက်တော့ ဒေသခံအဖွဲ့အစည်းက ညီနောင်တွေ၊ ဒေသခံပြည်သူတွေ အားလုံးရဲ့ယုံကြည်မှု၊ လေးစားမှု ရလာတဲ့ အခါမှာ NLD ရဲ့လွတ်တော်ခေါ်ယူရေးတောင်းဆိုမှုကို ထောက်ခံလှုပ်ရှားမှုလုပ်တယ်။ ဒီလှုပ်ရှားမှုတွေလုပ်တာ အရမ်းပင်ပန်းပါတယ်။ အဲဒီအတွက် ငွေကြေး၊ ဥစ္စာ၊ အခြားအခွင့်အလမ်း ဘာမှ မရှိဘူး။ လုပ်သင့်လုပ်ထိုက်တာကို ယုံယုံကြည်ကြည်နဲ့ အားစိုက်လုပ်ခဲ့တာ။ ဒါ့ကြောင့် ယုံကြည်မှုရခဲ့တာ။ အောင်မြင်မှုရခဲ့တာဖြစ်တယ်။ နှစ်စဉ်မေဒေးနေ့ လုပ်တိုင်း ခေါင်းစဉ်တခုတပ်ပြီး လှုပ်ရှားမှု လုပ်လေ့ရှိပါတယ်။ ၂၀၀၂ ခုနှစ်မှာအဓမ္မခိုင်းစေမှု အဆုံးသတ်ရေး (End Forced Labour) ၊ ၂၀၀၃ မှာ လယ်သမားလှုပ်ရှားမှု၊ ၂၀၀၄ မှာ တနေ့ ၁ ဒေါ်လာ၊ ၂၀၀၅ မှာ လွတ်လပ်တဲ့ သမဂ္ဂတွေဖွဲ့စည်းခွင့် ရရှိရေး ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၆ မှာတော့ တော်လှန်အဖွဲ့အစည်းများရဲ့စည်းလုံးညီညွတ်မှုအနေနဲ့ ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်တဲ့လှုပ်ရှားမှုအဖြစ် NLD ရဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူရေး တောင်းဆိုမှုကို လူထုထောက်ခံ လှုပ်ရှားမှုလုပ်ခဲ့တာဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုပြီး တပ်မတော်အစိုးရကနေ လွှတ်တော်ခေါ်ယူ ခွင့်ပြုဘို့ ပြည်သူတရပ်လုံးရဲ့ထောက်ခံလှုပ်ရှားမှုဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှုကို ရှမ်းတောင်သူတွေနေကြတဲ့ ရွာမှာလုပ်ကြတာ။အလုပ်တွေလုပ်ရာမှာ အရမ်း စိတ်ချမ်းသာ ခဲ့ပါတယ်။ ဒေသခံရွာသားတွေ အားလုံး လှိုက်လှဲ ဖေါ်ရွေကြတယ်။ စိတ်ကောင်း ရှိကြတယ်။ အဲဒီရွာနဲ့ ကျနော်တို့ကလည်း ပဌာန်းဆက်ရှိတယ်လို့ ပြောလို့ ရတယ်။ ၂၀၀၅ ခုနှစ် နွေဦးကာလမှာ ကျနော် တို့ကို ဘုးရားထီးတင်ပွဲဖိတ်လို့ ရောက်တယ်။ အဲဒီ အချိန်တုံး က ဒေသတွင်းမှာ ခေတ်စားတာက ပြန်ပေးဆွဲတယ်။ ဓါးပြတိုက်တယ်။ ကျနော်တို့အဖွဲ့စုစုပေါင်း၁၅ ယောက် ညနေပိုင်းလောက်မှာ ရွာကိုရောက်သွားတယ်။ ထမင်း စားသောက်ပြီး ပွဲခင်းထဲကို ထွက်လာကြတယ်။ မြို့က ပွဲကို တကူးတကငှားလာတာ။ တရွားလုံးကလည်း ပွဲကြိုက်တယ်။ အိမ်ရှိလူ အားလုံး ပွဲခင်းထဲရောက်ကုန်ပြီ။ ဒါနဲ့ ည ၁၀ လောက်လည်းရောက်ရော ရွာကငွေကြေးအတန်အသင့်ပြည့်စုံတဲ့ အိမ်ကိုဓါးပြတွေ ၀င်တိုက်နေပြီ လို့ ရွာလူကြီးကလာအကြောင်းကြားတယ်။ ဒါနဲ့ကျနော်က ကျနော့်အဖွဲ့ကို ချက်ချင်းမေးတယ်။ လက်နက် ဘာတွေပါသလဲဆိုတော့ တပ်မပါလာတဲ့ ကျနော်တို့မှာ ၁၅ ယောက်မှာ ခြောက်လုံးပူး ၃ လက်ပါတယ်။ ဒါကို ကျနော်က မိန်းခလေးတွေကို ပွဲခင်းထဲမှာ ထားခဲ့ပြီး ယောက်ကျားလေး ၇ ယောက် ခြောက်လုံးပူး ၃ လက် ၀ါးဆစ်ပိုင်း ၄ ခုနဲ့အတူ အဲဒီဓါးပြတိုက်နေတဲ့အိမ်ကို ဓါးပြဖမ်းဘို့ ချီတက်လာတယ်။ အဲဒီဒေသမှာ အရင် တုန်းက ဓါးပြအဖွဲ့တွေရှိဘူးတယ်။ လူအင်အား ၉၀ လောက်ကို လက်နက်အင်အားက အာပီဂျီ ၇ (RPG 7) အထိရှိတယ်။ အားလုံး AK 47 နဲ့ M 16 မောင်းပြန်ရိုင်ဖယ်တွေအားလုံး ကျည်အပြည့်အစုံနဲ့ ရှိခဲ့ဘူးတယ်။ ဒီအဖွဲ့လည်း ကျနော်ကြားရသလောက် အစုံအလင်ရှိတယ်။ အရင်အဖွဲ့က အဖွဲ့ဝင်ဟောင်းတွေလို့ထင်ရတယ်။ ဒါနဲ့ ကျနော်တို့ အနားကိုရောက်တော့ လမ်းဟိုဘက်ဒီဘက် ၂ ဖက်ခွဲပြီး နေရာယူလိုက်တယ်။ ကျနော်က လူကြီး ၅ ယောက်ကို အရှေ့မျက်နှာစာမှာ အသင့်စောင့်ရုံပဲစောင့်ခိုင်းပြီး ကျနော်နဲ့ တယောက်ကတော့ အိမ်အနောက်ဖက်ကပါတ်ဝင်ဘို့သွားတယ်။ သစ်ပင်နဲ့အိမ်နဲ့ကလည်း ကပ်နေတော့ အဲဒီကနေ၀င်မယ်လို့ စီစဉ်ခဲ့တယ်။ အိမ်ကအရမ်းငြိမ်နေလွန်းတော့ အိမ်ရှေ့မှာနေရာယူထားတဲ့အကိုကြီးက အသံပြုပြီး လှမ်းခေါ် လိုက်တော့ အိမ်ရှင်တွေ ထွက်လာတယ်။ ဘာဓါးပြမှမရှိဘူး။ အိမ်ရှင်တွေဖိတ်လို့ အိမ်ထဲဝင်စကား ပြောကြမှ အိမ်ရှင်တွေလည်း ဓါးပြတွေသူ့အိမ်ကိုဝင်မယ်လို့ သတင်းရထားတယ်။ လူဝင်ဆွဲမယ်။ ပြန်ပေးဆွဲပြီး ငွေတောင်းမယ်။ ဒါနဲ့သူတို့လည်း အိမ်တံခါးအလုံပိတ်ပြီး အထဲမှာနေကြတာ။ စဉ်းစားစရာက ဓါးပြ၀င်မယ်လို့ အိမ်ရှင်ကသတင်းရတယ်။ ဓါးပြ၀င်တယ်ကယ်ပါအုံးဆိုပြီးကျနော်တို့ကိုသွားခိုင်းတယ်။ ဘာဖြစ်တာလဲကျနော် အတန်တန်စဉ်းစားတယ်။ အဖြေရှာမရဘူး။ တခုခုတော့ဖြစ်မှာ။ ဘာထူးခြားသေးလဲစစ်ဆေးဘို့ကလည်း တရွာလုံး ပွဲခင်းထဲမှာ ရောက်နေတယ်။ ဒါကို ရုတ်ရုတ်သဲသဲလုပ်လို့လည်းမဖြစ်ဘူး။ မနက်မှ စစ်မယ်ဆိုပြီး တည်းတဲ့နေရာကိုသွား အိပ်လိုက်တယ်။ မနက်ကိုယ်မနိုးခင် ပြဿနာကရောက်နေပြီ။ ညက အိမ်တအိမ်ကို ဖေါက်ထွင်းဝင်ရောက်ပြီး ရွှေထည်နဲ့ ငွေအတော်များများ ပါသွားတယ်။ သွားစစ်ကြည့်တော့ ၀င်ပေါက်အဖြစ် သုံးသွားတာက စပါးကျည်ကနေခေါင်မိုးဖေါက်ပြီးဝင်တာ။ ၀င်တဲ့ပုံစံအဆင့်ဆင့်က အရမ်းသိသာတယ်။ ဗြောင်လုပ်သွားတာ။ အဲဒီအချိန်ကလည်းရာဘာဈေးအရမ်းကောင်းတယ်။ ဒေသတွင်းမှာရှိတဲ့အိမ်တွေအားလုံး အလုပ်ကိုယ်စီ၊ ၀င်ငွေကိုယ်စီနဲ့ တကယ့်ကို အလှူရေစက်လက်နဲ့မကွာနေနိုင်ကြတာ။ ဒါကို ကိုယ်တွေက အတူတကွ ၀င်ရောက်မျှဝေခံစားဖြေရှင်းဆောင်ရွက်ရင်း တသွေးတည်းတသားတည်းဖြစ်လာခဲ့တာ။ ဒီလိုနဲ့ မူရင်းရည်မှန်းချက်ဖြစ်တဲ့ ၂၀၀၆ NLD ရဲ့ ပြည်သူ့လွှတ်တော် ခေါ်ယူရေး လူထုထောက်ခံလှုပ်ရှားမှု လုပ်ခဲ့ တာ။ ဒေသထဲမှာအတော် အောင်မြင်တယ်။ အားလုံးရဲ့ပါးစပ်ဖျား မှာ NLD မှ NLD ဒေါ်စုမှ ဒေါ်စု ဖြစ်နေ တာ။ အဲဒါနဲ့၂၀၀၇ကိုတော့ တောင်သူလယ်သမား လှုပ်ရှားမှု အရှိန်မြှင့်မယ်ဆိုပြီးလုပ်ခဲ့တယ်။
တောင်သူလယ်သမား ကိစ္စလုပ်ရင်း တွဲရက်သားက ရဟန်း သံဃာတော်တွေပါလာတယ်။ ထုံးစံအတိုင်း နယ်ဘက်ဒေသတွေမှာ ရဟန်းသံဃာတော်တွေ သြဇာကြီးတယ်။ ဘာပဲဖြစ်ဖြစ် ရဟန်းသံဃာတော်တွေ အဆုံးအဖြတ်ယူလေ့ရှိတယ်။ ကျနော်တို့ ၂၀၀၃ ကတည်းက လှုပ်ရှားမှုတိုင်း ဆရာတော် သံဃာတော်တွေကို အမြဲပင့်တယ်။ အမှန်က ၂၀၀၅ ခုနှစ်မှာ ကတည်းက ရဟန်းသံဃာတွေကို ဖက်ဒရယ်နဲ့ပါတ်သက်ပြီး အသေးစိတ် လျှောက်ထားတယ်။ ရှင်းပြတယ်။ တရားဟောရင်းနဲ့ ဖက်ဒရယ်သဘောတရားကို ထည့်ဟော ဘို့။‘ဒါကို၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလမှာ နယ်အသီးသီးမှာရှိတဲ့ဆရာတော်တွေကိုဖိတ်ခေါ်ပြီး ဖက်ဒရယ် သဘောတရားကို အသေအချာ ရှင်းပြလျှောက်ထား ခဲ့တယ်။
ကျနော်ကနှုတ်ကလင်္ကာလေးလိုစပ်ပြီး ဖက်ဒရယ်အခြေခံမူ ၈ ချက်ကိုနှုတ်တိုက် ချပေးတာ။ ဆိုလို့လည်း ကောင်းတော့ ရကြပါတယ်။ - အာဏာတန်းတူ ပြဌာန်း ယူသော် - ဖက်မူလူနည်း ဒီမိုမြဲလိမ့်၊ ခွဲခြား ဘာသာ အခြေမခံတာ ပါတီစုံနဲ့ သွားပါ့မယ်။ အဲဒီမှာ အခြေခံမူ ၈ ချက် ရှိတယ်။ ပထမဦးဆုံးက အချုပ်အခြာအာဏာ ပြည်သူထံမှ ဆင်းသက် ရမယ်။ ဒုတိယကတန်းတူရေး၊ တတိယက ကိုယ်ပိုင်ပြဌာန်းခွင့်၊ စတုတ္ထက ဖက်ဒရယ် ပြည်ထောင်စု၊ ပဉ္စမက လူနည်းစုအခွင့်အရေး၊ ဆဌမက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး၊ သတ္တမကဘာသာရေး အခြေမခံတဲ့ ပြည်ထောင်စု၊ အဌမက ပါတီစုံဒီမိုကရေစီ။ ဒါကို အားလုံးလောက်နီးပါး လွယ်လွယ် ကူကူနဲ့ရသွားတယ်။ အစပိုင်းမှာ ဖက်ဒရယ်ဆိုရင် ပြည်တွင်းနိုင်ငံရေး အင်အားစုတွေက တွန့်သွားတယ်။
အများအားဖြင့် လေ့လာသိရှိခဲ့တာက ဖက်ဒရယ်ဆိုတာ ခွဲထွက်ခြင်း (Secession) လို့သာသိခဲ့ရတာ ဒီထက် ပိုပြီး အဓိပ္ပါယ် ကျယ်ဝန်းတာကို ပြောမှဖြစ်မယ်လို့ယူဆတယ်။ ဒါနဲ့ ကျနော်က ဖြေရှင်းနိုင်မည့်နည်းလမ်းနဲ့ စကားလုံးကို ကြိုးစား ပြီး ရှာပါတယ်။ တကယ်တော့ဖက်ဒရယ်ဆိုတာ ၁၆ ရာစုနှစ် မှာ ပေါ်လာတဲ့နိုင်ငံရေး စကားလုံးသစ် ဖြစ်ပါတယ်။ သူ အခြေခံတဲ့မူရင်းစကားလုံးက ဖိုးဒပ်စ်(Foedus)လို့ဆိုပါတယ်။ အဲဒါကို လေးနက်စွာ အသုံးချတဲ့အခါမှာ Fides ဆိုပြီး အင်္ဂလိပ်ဘာသာကိုပြန်ဆိုတော့ Faith ဆိုပြီး သစ္စာရှိခြင်း၊ Trust ယုံကြည်ခြင်း၊ လက်တွဲခြင်းတို့လို့ အဓိပ္ပါယ်ပြန်ပါတယ်။ ဒါကိုရှင်းပြတဲ့အခါကျမှ ဖက်ဒရယ် အဓိပ္ပါယ်ကို နားလည်လက်ခံကြတာပါ။ နားလည်လက်ခံရုံနဲ့မရပဲ မူရင်းဆိုလိုတဲ့အဓိပ္ပါယ်နဲ့ ကိုယ့် တိုင်းပြည်ရဲ့ တကယ့်အနာကိုသိပြီး ကုသဘို့ကတော့အားလုံးပါဝင်မှဖြစ်မှာပါ။ အဲဒီလိုလက်တွေ့ကျကျ ဖြစ်ဘို့က တိုင်းပြည်ကိုဦးဆောင်နေသူတွေ (တပ်မတော်အစိုးရ) + တိုင်းရင်းသား တပ်ပေါင်းစု + ဒီမိုကရေစီ တပ်ပေါင်းစု ၃ ပွင့် ဆိုင်ထိုင်မှ ငြိမ်းချမ်းစွာ ပြောင်းလဲမှာ။
အဲဒီလိုသိနားလည်ပြီးတဲ့နောက်မှာ ရဟန်းသံဃာတော်တွေနဲ့ တောင်သူလယ်သမားတွေစုပေါင်းပြီး လူထု ပညာပေး လှုပ်ရှားမှုတွေနဲ့လုပ်ကြပါတယ်။ လှုံ့ဆော်လှုပ်ရှားမှုရဲ့အဓိကတောင်းဆိုချက်က ၃ ပွင့်ဆိုင် ဆွေးနွေး ပွဲများဖြစ်မြောက်ရေးဖြစ်ပါတယ်။ အဲဒီအရှိန်ကိုတင်လိုက်ရင်းနဲ့ အန်အယ်လ်ဒီရဲ့အထင်ကရ ခေါင်းဆောင် တဦး ဖြစ်ခဲ့တဲ့ ဘဘ ဦးကြည်မောင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် ဆွမ်းကျွေး ကနေ အပြန် ပြည်တွင်းမှာ လောင်စာဆီ ဈေးတက်လို့ ကိုမင်းကိုနိုင်နဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဘတ်စ်ကားမစီးပဲ လမ်းလျှောက်တဲ့ လှုပ်ရှားမှု မှာ ပြည်သူ လူထုရဲ့နိုးကြားမှုအရှိန် ပြန်တက် လာခဲ့ ပါတယ်။ ဒီလိုနဲ့အရှိန်မြှင့်ရင်း ၂၀၀၇ခုနှစ် စက်တင်ဘာလမှာ ရွှေဝါရောင် တော်လှန်ရေး လို့ခေါ်တဲ့ ရဟန်း သံဃာတော်တွေ ဦးဆောင် တဲ့ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ အောင်ပွဲရသင့်သလောက်မရခဲ့ပါသူး။ ရလဒ်တော့ထွက်ပါတယ်။ အဓိကသုံးသပ်တာက အဲဒီ အချိန်မှာလုံလောက်တဲ့နိုင်ငံတကာဖိအားပေးမှုရရှိတယ်။ ပြည်သူလူထုလှုပ်ရှားမှုမြင့်လာတယ်။ တိုင်းရင်းသား နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစု လှုပ်ရှားမှုလည်း ရှိနေတယ်။ ဒါပေမဲ့ ဆက်စပ်မှု အရမ်းအားနည်း ခဲ့တယ်။ မဟာဗျူဟာဆိုင်ရာ ရည်မှန်းချက် တခုတည်းရဲ့အောက်မှာရှိမနေသလို တိကျပြတ်သားတဲ့ လှုပ်ရှားမှု အစီအစဉ်အဆင့်ဆင့် အားနည်းခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ လိုရာခရီးကိုမရောက်ပဲ အချိန်တွေကြန့်ကြာပြီး နစ်နာ ဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်။ ဒီထက်ပိုတဲ့ သင်ခဏ်းစာတွေရတာကိုတော့ အချိန်မတန်သေးတဲ့အတွက် မပြောသေး ပါဘူး။
အခုအချိန်ကျမှ ဒီအဖြစ်တွေကိုအသေးစိတ်ပြန်ရေးရင်းနဲ့ ခေါင်းထဲဝင်လာတဲ့ ဆင်ခြင်တုံတရားတခုက ကိုယ်တွေဆင်နွှဲခဲ့တဲ့ ပွဲတွေအားလုံး Zero Sum Game ဖြစ်နေတယ်။ ပြောရရင် တဖက်ကို အပြတ်အသတ် ရှုံးစေချင်ခဲ့တာ။ တဖက်က ကိုယ်လိုချင်သလို ရှုံးမှာမဟုတ်ဘူးလို့ အမှန်အတိုင်း ဘယ်တော့မှ မတွက်ဘူး။ ကိုယ့်ကိုကိုယ်ရော သူများကိုပါ အပြတ်အသတ်နိုင်မယ်။ အဲဒီလို ထင်မှတ်မှား Illusion ဖြစ်ခဲ့ကြတာ။ ဒီကနေ့ လက်တွေ့ရင်ဆိုင်ရတဲ့ အနီးကပ်ဆုံး ပွဲကြမှ ဒါကိုသိလာရတယ်။ သူ့လူကိုယ့်လူ အပြန်အလှန် ထိခိုက်တယ်။ ပြိုကွဲတယ်။ သူ့ကိုလည်ဖြိုတယ်။ ကိုယ့်ကိုလည်းဖြိုတယ်။ သူ့ဟာသူလည်းပြိုတယ်။ ကိုယ့်ဟာကိုယ်လည်း ပြိုတယ်။ သူ့အတွက်လည်း မဆန်းသလို ကိုယ့်အတွက်လည်းမဆန်းဘူး။ သုတပညာအားနည်းတဲ့ အပြောင်း အလဲဖြစ်စဉ်မှာ ဖြတ်တတ်တဲ့ သဘောသဘာဝတွေချည်းပဲဖြစ်ပါတယ်။ ဒါကိုသူလည်းကျော်လွှားနိုင်တယ်။ ကိုယ်လည်းကျော်လွှားနိုင်တာ သူလည်းသိတယ် ကိုယ်လည်းသိတယ်။
အမှန်တော့ လိုအပ်ခဲ့တာ ကိုယ့်လည်းသူထောက်ခံ၊ သူ့လည်း ကိုယ်ထောက်ခံတဲ့အဆင့်နဲ့ သဘောတူ ကျေနပ်မှု။ ဒါကိုကျနော်က ဖက်ဒရယ်သဘောတရားကို ထိတွေ့အကောင်အထည်ဖေါ်မယ်ဆိုရင် ထားရှိရမည့် သဘောထား။ အဲဒါကို သတိရမိတာနဲ့ ကိုယ်တွေ လှုပ်ရှားဆောင်ရွက်မှုတွေအပေါ် သဘောထားရပ်တည်ချက် ကို ပြန်သုံးသပ်မိတာ။ သူ့သဘောထား၊ ကိုယ့်သဘောထား။ ဒါကိုကြားဝင်စေ့စပ်ညှိနှိုင်းပေးမည့် သံတမာန် အသိုင်းအ၀ိုင်း၊ အာမခံချက်၊ ကိုယ့်ရည်ရွယ်ချက်ကို အောင်မြင်စေခြင်း စတဲ့အရာတွေကို ဆင်ခြင်တုံတရားနဲ့ ထိန်းကွပ်ဘို့ဆိုတဲ့ အယူအဆဖြစ်မှရမယ်။ ဒီနိုင်ငံအ၀န်းအ၀ိုင်းလေးထဲမှာ သူသေမှအေးမယ်ဆိုရင်တော့ ဒီသံသရာမဆုံးနိုင်တော့ပါ။
အခန်း (၄) ဆက်လက်တင်ပြပါမယ်။