AFFM ရှင်းတမ်း အပိုင်း (၄)

AFFM ရှင်းတမ်း

AFFM ရှင်းတမ်း
အပိုင်း (၄)
ဖက်ဒရယ်ရေးရာလှုပ်ရှားမှုများ
ဒီအပိုင်းကိုရေးဘို့ အတော်အားယူရပါတယ်။ အချိန်ယူရတယ်။ အကြောင်းကတော့ ကျနော် ပြန်မလာခင် နယ်စပ်မှာအခြေပြုရင်း တိုင်းရင်းသားတွေရင်ထဲက ရယူချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို မြန်မာ တယောက် အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီအခွင့်အရေးဆိုတာပဲ ရေးရင် ကောင်းမလား။ အခုပြန်လာပြီးမှ ပြည်တွင်းမှာရှိနေတဲ့ အခြေခံပြည်သူတွေသိထားတဲ့ အခြေအနေနဲ့ သဘောထား စတာတွေကို အကုန်လုံး အစုံအလင်ပြောပြီး တကယ့်အနာကိုကုနိုင်တဲ့ ဆေးရှိကြောင်း ပြောရင် ဖြစ်ပါ့မလား။ ကိုယ်ကိုယ်တိုင်လည်း အားလုံးနားလည်လက်ခံနိုင်အောင် ပြောနိုင်ပါ့မလားဆိုတဲ့ ကိုယ့်ကိုကိုယ် အားမရတဲ့ စိတ်ကတဖက်၊ တိုင်းပြည်အပေါ်ထားရှိကြတဲ့ တကယ့် စေတနာအမှန်တွေကို ဘက်၂ ဖက်လုံးက အပြန်အလှန် သိရှိနားလည်ပြီး ခင်မင်မှု၊ ရင်းနှီးမှုတွေနဲ့ အပြန်အလှန်လေးစားမှုတွေ ရှိသွားရင် ပြည်သူ တရပ်လုံးအတွက် ရလဒ်ကောင်းတွေ အများကြီး ဖြစ်ပေါ်မယ်လို့တွေးပြီး ဖြစ်ချင်တဲ့စိတ်ကတဖက်နဲ့ရေးဖို့ အတော်ကြာအောင် နှောင့်နှေးနေခဲ့ပါတယ်။ နောက်ဆုံးတော့ ဘယ်လိုပဲဖြစ်ဖြစ်ရသမျှ အခွင့်အရေးလေးနဲ့ အမှန်သိရသမျှ အကုန်ပြောမယ် ဆိုပြီးရေးဖြစ်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်မီးမှာ ဖက်ဒရယ်ဆိုတဲ့သဘောတရားအပေါ် နားလည်နိုင်မှု အားနည်းခဲ့တဲ့အကြောင်းက အချက်တချက်ဖြစ်ခဲ့တယ်လို့ထင်ပါတယ်။ တိုင်းရင်းသားတွေ အနေနဲ့ အမျိုးသားလွတ်မြောက်ရေးစစ်ကို စတင်ဆင်နွှဲကတည်းက လူမျိုးကြီးတမျိုးက လူမျိုးငယ်တွေအပေါ် အမျိုးသားရေးလက်ဝါးကြီးအုပ်မှုကြောင့် အမျိုးသားခုခံစစ်ဆိုပြီး လူမျိုးစုတော်လှန်ရေးပေါ်ပေါက်ခဲ့တယ်လို့ ယူဆကြတယ်။ အဲဒီနောက်မှာလူမျိုးတိုင်းရဲ့အသွင်သဏ္ဍန်ဖြစ်တဲ့ စာပေ ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ တွေ ထိမ်းသိမ်းဘို့ဆိုတာတွေကို အခြေခံပြီး ကိုယ်အခြေပြုတဲ့လူထုကို တော်လှန်တဲ့လူထုအသွင်နဲ့ တော်လှန်တဲ့ မျိုးဆက်ကို အမျိုးသားလွတ်မြောက်ရေး အသိစိတ်ဓါတ် အမွေကိုပေးခဲ့ကြတယ်။ မဟာဗျူဟာ ရည်မှန်းချက်က တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်လို့ ယူဆလိုက်တဲ့အခါမှာ အာဏာနဲ့ အုပ်ချုပ်မှု အသွင်က မဖြစ်မနေ ပါဝင် လာပါတော့တယ်။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရယူစဉ်ကတည်းက ပြည်ထောင်စု အသွင်နဲ့ ရယူခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ တိုင်းရင်းသားဒေသကိုရောက်တော့ ကျနော်တို့ကို လာရောက်ကြိုဆိုတွေ့ဆုံတဲ့ တိုင်ရင်းသား အဖွဲ့အစည်းတွေက စစ်ဘက်နယ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ရပါတယ်။ မဟာဗမာလူမျိုးကြီးဝါဒီ ဆိုတဲ့ စကားလုံးကိုပထမဆုံးကြားဘူးခဲ့တယ်။ ရုတ်တရက်တော့ နည်းနည်းအံ့သြမိသလိုဖြစ်သွားတယ်။ ဗမာလူမျိုး တွေကို မဟာလူမျိုးအဖြစ် ရုပ်ပိုင်းစိတ်ပိုင်းအစစအရာရာ အသာစီးရထား သူတွေရယ်လို့ တိုင်းရင်းသားတွေ ခံယူ ထားကြတာကို အံ့သြမိသွားပါတယ်။ ပညာသင်ခွင့်၊ အုပ်ချုပ်ခွင့်၊ ပညာရေး ကျန်းမာရေးကစလို့ ခံစားခွင့် အားလုံးကို အခွင့်ထူး ခံခဲ့တယ်လို့ မှတ်ယူထားကြပုံရပါတယ်။ တဆက်တည်းမှာတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေကြောင်းပါ ပြောလာခဲ့ပါတယ်။ အဓိကသွားနေတဲ့ ဦးတည်ချက်ကတော့ ဖက်ဒရယ် ပြည်ထောင်စု စံနစ်ကိုဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်လောက်ကတည်းက နိုင်ငံရေး စာပေတွေကို ရသလောက် လေ့လာဖတ်ရှုထားတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ခံစားချက် အနည်းအကျဉ်းလောက် တီးခေါက်မိ ထားခဲ့ပါတယ်။ တဆက်တည်းမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်စံနစ်တွေနဲ့ ပါတ်သက်ရာ စာတို ပေစလေးတွေ ဖတ်ထားမှတ်ထားတော့ ဖက်ဒရယ်ဆိုတာကို သိပ်ပြီးအံ့သြမနေပါဘူး။ ဒါပေမဲ့ သေသေချာချာ ရေရေရာရာ နားမလည်ခဲ့တာတော့အမှန်ပါ။
အထက်မှာဖေါ်ပြထားတဲ့အတိုင်း ၁၉၈၈ ခုနှစ်ကစတင်ခဲ့တဲ့ ဒီမိုကရေစီ အရေးပုံကတဆင့် ဒီမိုကရေစီ တော်လှန်ရေးကို အခြေအနေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့တော်လှန်ရေးဘ၀ရှင်သန်ရပ်တည်ခဲ့ပြီး ၂၀၀၅ခုနှစ်လောက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB ရဲ့ ဖက်ဒရယ်ရေးရာ ကော်မတီ မှာ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် တောင်ပိုင်းဒေသ တခုလုံးအတွက် ဖက်ဒရယ် သဘောတရားရေးရာ ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် တာဝန်ယူခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပြည်တွင်းတိုင်းရင်းသားအခြေပြုဒေသတွေကို အရောက်သွားပြီး ဖက်ဒရယ်သဘောတရားကို စတင်မိတ်ဆက်ဖြန့်ဝေပါတယ်။ အဓိကဖွဲ့စည်းထားတဲ့အောက်မြန်မာပြည် တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂ၊ ပညာရေးအလုပ်သမားများသမဂ္ဂ (ကျောင်းဆရာ ဆရာမတွေ)၊ ကျန်းမာရေးလုပ်သားများ သမဂ္ဂ (လူထုကျန်းမာရေးလုပ်သားတွေ၊ကျန်းမာရေးမှူးနဲ့သားဖွားဆရာမတွေ)၊ ဆောက်လုပ်ရေးလုပ်သားများ သမဂ္ဂတွေကနေစတင်ရပါတယ်။ အဲဒီနောက်မှာနယ်လှည့်တရားဟောနေတဲ့ ဆရာတော် သံဃာတော်တွေကို ချည်းကပ်ပြီး နားလည်သဘောပေါက်အောင်အရင်လျှောက်ရတယ်။
အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း ဖက်ဒရယ်ဆိုတာ ၁၆ ရာစုနှစ် မှာ ပေါ်လာတဲ့နိုင်ငံရေး စကားလုံးဖြစ်ပါတယ်။ သူ အခြေခံတဲ့ မူရင်းစကားလုံး က ဖိုးဒပ်စ်(Foedus)လို့ဆိုပါတယ်။ အဲဒါကို လေးနက်စွာ အသုံးချတဲ့ အခါမှာ Fides ဆိုပြီး အင်္ဂလိပ်ဘာသာကိုပြန်ဆိုတော့ Faith ဆိုပြီး သစ္စာရှိခြင်း၊ Trust ယုံကြည်ခြင်း၊ လက်တွဲခြင်း တို့လို့ အဓိပ္ပါယ် ပြန်ပါတယ်ဆိုတာအရင် အင်ထရိုဝင်ပါတယ်။
အဓိကလျှောက်ထားချက်မှာပါဝင်တာတွေက ဖက်ဒရယ်စံနစ်ဆိုတာ ပြည်ထောင်စုစံနစ်တခုပါ။ ပြည်နယ်တွေ ပေါင်းစုပြီးနိုင်ငံတခု ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီအခါမှာ ပြည်ထောင်စုဗဟိုနဲ့ ပြည်နယ်တွေ ကြားမှာ အာဏာခွဲဝေရေး သဘောဖြစ်ကြောင်း အရင်ပြောရပါတယ်။ အဲဒီလိုအာဏာခွဲဝေရာမှာ ပထမ ဦးဆုံး အနေနဲ့ လက်ရှိတိုင်းရင်းသားပြည်သူတွေရဲ့ပကတိအခြေအနေအပေါ်မှာ နိုင်ငံတကာနဲ့ကိုက်ညီတဲ့စံနှုန်းတွေနဲ့ ထိန်းညှိပြီး အခြေအနေအလိုက်အဆင့်လိုက် အချိန် ကာလကိုချိန်ထိုးပြီး သဘောတူညီချက်တွေပြုလုပ် ပေးခြင်း ဖြစ်တယ်ဆိုတာနားလည်အောင် ပြောရပါတယ်။ တိုင်းရင်းသားတွေကြားမှာ ဖက်ဒရယ် သဘောတရားကို ဆွေးနွေးတော့ သိပ်မခက် လှပါဘူး။ ဒါပေမဲ့အခြေအနေအမှန်နဲ့ အနီးဆုံး ဖြစ်နိုင်ခြေကို အရင်စရင် ကောင်းမယ်ဆိုတာ လက်ခံဘို့တော့ အကြီးအကျယ်ဆွေးနွေးရပါတယ်။ ဆွေးနွေးချက်ထဲမှာ တန်းတူညီမျှတဲ့ အလုပ်အကိုင်နဲ့ ၀င်ငွေကိစ္စကို ရှေ့ဆုံးကထားပြောပါတယ်။ တိုင်းရင်းသားအားလုံး အာမခံချက်ရှိတဲ့ အလုပ်အကိုင်နဲ့ မျှတတဲ့ ၀င်ငွေရှိစေဘို့ပြောရပါတယ်။မိမိအတွက် လူမှုအဆင့်အတန်း တိုးတက်စေပြီး လူ့ဂုဏ်သိက္ခာကို အာမခံချက် ပြုတဲ့ အလုပ်အကိုင်နဲ့ဝင်ငွေအားဖြင့် မိသားစုဘ၀တွေ လူတန်းစေ့နေနိုင်ပြီ။ တဆက်ထဲမှာ ပညာရေး ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ အားကောင်းလာရင် လူထုအသိုက်အ၀န်းအတွင်း ငြိမ်းချမ်းမှု စတင် ဖြစ်တည်တော့ကြောင်းပြောပါတယ်။
ဒုတိယအဆင့်အနေနဲ့ကတော့ခွဲဝေရေးကိစ္စပြောရပါတယ်။ ပြည်နယ်အ၀န်းအ၀ိုင်း၊ပြည်ထောင်စုနယ်မြေစတာ တွေ သတ်မှတ်ဘို့က လုပ်ငန်းအရှိန်ရ လာလို့ နားလည်မှုအားကောင်းလာတဲ့ တချိန်ဆွေးနွေးလို့ ရပါတယ်။ ဒါပေမဲ့ လောလောဆယ်ခွဲဝေရမည့်ကိစ္စအဖြစ် လတ်တလောခွဲဝေရေးကို ဦးတည် ထားပါတယ်။ ရှမ်းပြည်နယ် ပိုင်တဲ့ ၊ ရှမ်းပြည်နယ်ကရတဲ့ အကျိုးအမြတ်နဲ့ ၀င်ငွေရဲ့ ၇၀ ရခိုင်နှုန်းကို မူရင်း ပိုင်ရှင်ဖြစ်တဲ့ ရှမ်းပြည်နယ် မှာနေတဲ့ တိုင်းရင်းသားအားလုံးရဲ့ လူမှုဘ၀တွေ တိုးတက်မြင့်မားရေးကို သုံးစွဲခွင့်ပြု ဘို့က ပထမအရေး ဖြစ်ပါတယ်။ ဒါဟာမျှတတဲ့ခွဲဝေမှုကို ဦးတည်ထားတဲ့သဘောသဘာဝကိုပြောတာပါ။ နှုန်းထားကတော့ တတ်ကျွမ်း နားလည်သူတွေနဲ့ ကိုယ်စားပြုခေါင်းဆောင်တွေ သတ်မှတ်ကြရမှာပါ။ အထူးသဖြင့် ဥစ္စာဓနအပြင်ကျန်တဲ့ အခွန် အကောက်နဲ့စီးပွားတည်ဆောက်မှု၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာစတာတွေကို ဗဟိုချုပ်ကိုင်မှုလျော့ချပြီး ပြည်နယ် ဥပဒေ လွတ်လပ်စွာပြဌာန်းခွင့် အရေးကြီးကြောင်းပြောရပါတယ်။ ဒါကို အားလုံးနီးပါးက လက်ခံ ကြပါတယ်။ ဒါကြောင့် တိုင်းရင်းသားဒေသတွေမှာ ဖက်ဒရယ်ခရီးစဉ်တွေ ဆက်တိုက်ဆိုသလို အောင်မြင်စွာ သွားခဲ့ရပါတယ်။
တိုင်းရင်းသားဒေသအများစုအနေနဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းကနေစပြီး နယ်စပ်ကုန်သွယ်မှုတွေနဲ့ နယ်စပ် ကျော် ရွှေ့ပြောင်း သွားလာမှုတွေ ကြောင့် ပြင်ပအမြင်တွေ ရရှိပြီး ဗဟုသုတနဲ့ ယှဉ်တဲ့ အမြင်အသိတွေ မြန်မြန် ဆန်ဆန်ရရှိလာခဲ့ ပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားဒေသက ပြည်သူတွေကို စည်းရုံး ရာမှာ မြန်မြန် ဆန်ဆန် အောင်မြင်မှုရခဲ့ပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ အလုပ်သမား၊ လယ်သမား အင်အားစုကို ဖက်ဒရယ် အခြေခံမူတွေချပြဆွေးနွေးတော့ သိပ်ပြီး နားလည်မှုမရခဲ့ဘူး။ ဒါပေမဲ့ ဒီမိုကရေစီတည်ဆောက်ရေးနဲ့ ဆုံရပ် ၃ ခု ကိုတော့ သဘောတူ ညီစွာ လက်တွဲနိုင်ခဲ့ကြပါတယ်။ ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးရာမှာ ပြည်တွင်းနဲ့ဝန်ထမ်း အသိုင်းအ၀ိုင်း ကြားမှာ ကိန်းဝပ်နေတဲ့ အကြောင်းတရားကတော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဖြစ်ပြီး ပြည်ထောင်စုပြိုကွဲ သွားနိုင်တယ်ဆိုတဲ့ အယူအဆက ကြီးမားပြင်းထန်လွန်းပါတယ်။ ဒါကိုအကြေအလည် ညှိနှိုင်းပြီး ဖက်ဒရယ်က ခွဲထွက်ရေးမဟုတ်ပဲ စံနစ်ကျတဲ့ အာဏာခွဲဝေရေးဖြစ်စေပြီး ဗဟိုချုပ်ကိုင်မှု လျော့ချ ခြင်း ဆိုတာကို တော်တော် ပြောယူရပါတယ်။ ဒီအခါမှာ ဘာကိုသွားသတိရလဲဆိုရင် တိုင်းရင်းသား တွေက ဗမာတွေဆိုရင် မဟာလူမျိုးကြီးဝါဒီတွေလို့ခေါ်ဝေါ်ကြသလို အခုလည်း ပြည်တွင်းနေ ပြည်သူတွေက ဖက်ဒရယ်ဆိုတာ ခွဲထွက်တာ မဟုတ်ကြောင်းပြောတာ တော်တော်နဲ့မယုံဘူး။ နောက်ဆုံးတော့ ဒီမိုကရေစီရေး ပထမဆိုပြီး သဘောတူညီခဲ့ကြပါတယ်။
အထူးသဖြင့် ၂၀၀၈ ၊ ၂၀၀၉ ၊ ၂၀၁၀ ကာလတွေမှာ အရှိန်မြှင့်တင်ခဲ့ပါတယ်။ ဒါကို အလုပ်သမားသမဂ္ဂတွေ က ဘာဖြစ်လို့ ဆောင်ရွက်ကြတာလဲဆိုရင် အလုပ်သမားသမဂ္ဂတွေရဲ့ အခြေခံ အကျဆုံးမူဖြစ်တဲ့ ခွဲခြားဆက်ဆံမှု ကင်းတဲ့ အခြေခံမူကြောင့် ဖက်ဒရယ် အရေးကို စိတ်ချယုံကြည်စွာ ဆောင်ရွက ခဲ့တာဖြစ်ပါတယ်။ အဲဒီတုံးက တိုင်းရင်းသားဒေသထဲမှာ အလုပ်သမား သမဂ္ဂတွေအပေါ်ယုံကြည်မှု ခိုင်ခိုင်မာမာ ရှိခဲ့ပါတယ်။ အလုပ်လုပ်တဲ့ နေရာမှာ ကိုယ့်ကိုကိုယ် မညှာခဲ့သလို ပရိတ်သတ်ကိုလည်း မညာခဲ့ပါဘူး။ ကိုယ့်ရဲ့ ယုံကြည်စိတ်နဲ့ ပြင်းပြတဲ့ဆန္ဒကို ကြီးကြီးမားမား ကူးစက်စေတဲ့အထိ အလုပ်လုပ်ပါတယ်။ ဒီနေရာမှာ မှတ်မိသမျှလေး အနည်းငယ်ပြန်ပြောပါ့မယ်။ တာဝန် ကြီးကြီးမားမား ယူထားတဲ့ တိုင်းရင်းသားခေါင်းဆောင် တချို့တောင် ပြောတယ်။ ကျုပ်တို့ နှစ်ပေါင်း ၆၀ ကျော် တော်လှန်လာတာ အစပိုင်းမှာတော့ ယုံကြည်ချက် ပြင်းထန်ခဲ့တယ်။ ကြာလာတာနဲ့အမျှ ရှေ့က ခေါင်းဆောင်တွေလည်း သေတဲ့လူသေကုန်ပြီ။ ကျုပ်တို့လည်း ဒီလိုပဲ သွားတော့မယ်လို့ ထင်တာဟုတ်တာမဟုတ်တာ အပထား ခင်ဗျားနဲ့တွေ့မှ တော်လှန်ရေး အောင်မြင်မယ် ဆိုတာ ယုံကြည်မှု ပြန်ရသလိုပဲလို့ အကောင်းဘက်ကပြောပေးတဲ့သူရှိသလို အောင်ပွဲက လက်တကမ်းမှာတဲ့ ဟားဟား အဲဒီ လက်တကမ်းကလည်း အခုထိမရောက်သေးဘူး။ ခင်ဗျားတွေ့ရင် အဲဒီ စကားကြားယောင်ပြီး ရီချင်တယ်ဆိုတဲ့ လူကလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၂ မှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတော့ ကိုယ့်လူတွေ ကျနော့်တောင် နှုတ်မဆက်သွားကြဘူး။ အခုပြန်တွေ့ ကြတဲ့အခါ ကျနော်က ပြုံးပြရုံလေးပါ။
သူတို့ပြောသမျှ မှန်သလောက်လည်း မှန်ပါတယ်။ စစ်အာဏာရှင်စံနစ် မရှိတော့ပေမဲ့ မြန်မာနိုင်ငံ မျက်နှာငယ် အောက်ကျနေရတဲ့ လူမျိုးဘ၀က ရုန်းမထွက်နိုင်သေး သလို အခြားနိုင်ငံတွေထက် ပိုမို သာလွန်တဲ့ ယဉ်ကျေးမှု ရတနာတွေ တန်ဖိုးထားနိုင်တဲ့ အခြေအနေ မရောက်နိုင်သေးပါဘူး။ ကျနော်တို့ ဆက်လုပ်ရအုံးမှာပါ။ နိုင်ငံရေးက ကွေ့တကွေ့ ရောက်သွားတဲ့အခါမှာ တာဝန်ကျေပြီလို့ နှုတ်ဆက် သွားသူတွေရှိသလို ပေးဆပ်သမျှ ပြန်ယူ နေတဲ့ သူလည်း ရှိပါတယ်။ အဲတခုတော့ရှိတယ်။ပေးဘို့သက်သက်လုပ်နေသူတွေတော့ ဆက်သွားနေပါတယ်။ ဒီလိုခရီးမျိုးက မှတ်တိုင်လေး တခုပြီး တခု ရှိလာခဲ့တာကလွဲလို့ဆုံးတယ်လို့မရှိပါဘူး။
ဖက်ဒရယ် သဘောတရားနဲ့ငြိမ်းချမ်းရေး အပေါ် ဆက်စပ်ပြီး တင်ပြချင်တာက ပြည်တွင်းက တချို့သော နိုင်ငံရေး စစ်ရေးခေါင်းဆောင်တွေထဲက အမြင်အရ တိုင်းပြည်မှာ ဘယ်တော့မှ ပြည်တွင်းငြိမ်းချမ်းရေးမရဘူး။ ဘာလို့လဲဆိုရင် သောင်းကျန်းသူတွေ အနေနဲ့ ဥပဒေမဲ့ လုပ်ချင်သလိုလုပ်လို့ရတယ်။ စားချင်သလိုစား၊ လုပ်ချင်သလိုလုပ်လို့ရတဲ့ အခွင့်အရေးမျိုး ဘယ်မှာမှမရနိုင်တဲ့အတွက် ဒီလက်နက်ကိုင်လမ်းစဉ်ကို စွန့်မှာ မဟုတ်ဘူးလို့ မြင်ကြတယ်။ အဲဒီ အယူအဆအပေါ်မှာ ကျနော့်ကိုယ်တွေ့နဲ့ယှဉ်ပြီးပြောပြောရင် မမှန်ပါဘူးလို့ ပြောချင်ပါတယ်။ တော်လှန်ရေးတရပ်မှာ ထောက်ခံတဲ့ အခြေခံပြည်သူမရှိရင်ရပ်တည်လို့မရပါဘူး။ ကျနော့် ကိုယ်တွေ့ အတွေ့အကြုံအရဒေသတွင်းမှာ မြန်မာ့တပ်မတော်တပ်ရင်းတွေ ဘယ်လိုရပ်တည် နေထိုင် စားသောက်သွားလာသလဲကို အခြေခံပြည်သူက အမြဲမပြတ်သတင်းပို့ပါတယ်။ ဒါဒေသတွင်းမှာ နေထိုင်တဲ့သူ ချည်းပဲ မဟုတ်ပါဘူး။ ခရီးသွား ပြည်သူကအစ ဟိုနားမှာတွေ့ခဲ့တယ်။ လူအင်အား ဘယ်လောက်ရှိတယ်။ ဘယ်ဘက်ကို ဦးတည်နေတယ်။ ဘယ်လိုစကားပြောနေတယ်။ အကုန်လုံးသိရသမျှ သတင်းပို့တယ်ဆိုတော့ တော်လှန်ရေးကို ထောက်ခံတယ်ဆိုတာ ပြနေတာပါ။ တော်လှန်ရေးကို ထောက်ခံလောက်တဲ့အချက်တွေ အခြေခံပြည်သူတွေရင်ထဲ အမှန်တကယ် ထိခိုက်နာကျင်ခဲ့တာတွေ ရှိခဲ့နိုင်ပါတယ်။ လုပ်ချင်တိုင်းလုပ်၊ စားချင်တိုင်းစားနေရင် ဘယ်သူမှလက်မခံပါဘူး။
တဖက်က ပြန်ခံစားကြည့်တော့ တချို့အမာစား အပြင်းစားအမြင်ရှိတာကို နားလည်နိုင်ပါတယ်။ ဟိုးအစ နှစ်ပေါင်းများစွာ ကတည်းက ကိုယ့်ဖက်ကိုယ် သဘောတရားတည်ဆောက်ရေးလုပ်ရာမှာ အပြန်အလှန် ၀ါဒဖြန့်ပြောခဲ့တာတွေကို ဒီနေ့မှာ အမှန်တိတိကျကျ ပြန်ပြောမည့်သူ နည်းနေတာကြောင့်လည်းဖြစ်ပါတယ်။
တိုင်းရင်းသား အင်အားစုတွေဘက်ကိုလည်း ပြန်လည်တင်ပြချင်တာက ဒီဖက်က နိုင်ငံရေး စစ်ရေး ခေါင်းဆောင်တွေမှာလည်း တိုင်းပြည်နဲ့ ပြည်သူတရပ်လုံးအတွက် အမှန်တကယ် ပေးဆပ်ဘို့ စေတနာ ရှိသူတွေရှိပါတယ်။ တကယ့်အမှန်တရားကို မသိနိုင်တဲ့အတွက် ပြည်ထောင်စုကြီး ပြိုကွဲသွားမှာ ကြောက်တာ (ဒီနေ့အမြင်နဲ့ဆိုရင် နုလှချေလားလို့ထင်လောက်တယ်)၊ တိုင်းတပါးက ချယ်လှယ်မှာ၊ ကိုယ့်တိုင်းရင်းသားတွေ မျက်နှာငယ်အောက်ကျမှာ စိုးရိမ်ကြပါတယ်။ စိုးရိမ်သူတွေရှိပါတယ်။
အားလုံးကိုခြုံပြီးပြောရရင်တော့ သမိုင်းမှာ မှားခဲ့တာတွေရှိပါတယ်။ ဒါတွေကို အာဃာတအမြင်နဲ့မကြည့်ပဲ သင်ခဏ်းစာယူနိုင်ဘို့သာ အရေးကြီးပါတယ်။ နောက်တချက်က တိုင်းပြည်နဲ့လူမျိုးအားလုံးအတွက် အပြန် အလှန် ယုံကြည်မှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုလေးလေးနက်နက် ပြုလုပ်ဘို့လိုပါတယ်။
အလုပ်သမားသမဂ္ဂအမြင်နဲ့ပြောရရင် တိုင်းရင်းသားပြည်သူတရပ်လုံးအတွက် လူ့ဂုဏ်သိက္ခာကို အာမခံချက် ပြုတဲ့ အလုပ်အကိုင်နဲ့ ၀င်ငွေကိုအားလုံးခံစားနိုင်ဘို့လိုပါတယ်။ အဲဒီအခြေခံအခွင့်အရေးမှာ တန်းတူရရှိရမှာပါ။ ကြိုးစားသလောက် ခံစားပိုင်ခွင့်ရရှိရေးဆိုင်ရာ အခွင့်အလမ်းကို ခွဲခြားဆက်ဆံမှု မရှိပဲရရှိရမှာပါ။ ဒါဆိုရင် အခြေခံအခွင့်အရေးကိုမျှတစွာ ခံစားနိုင်ပါပြီ။ ဒုတိယအနေနဲ့ခွဲဝေမှုကိစ္စပါ။ ဒါကအဆင့်လိုက်လုပ်ရမှာလို့ ရိုးသားစွာ ထင်မြင်ယူဆပါတယ်။ အတွေ့အကြုံအရ တုန့်ပြန်နိုင်ငံရေးအသွင် (Re Active) အနေနဲ့ ခံစားချက် အခြေခံထားပြီး မာန်နဲ့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တကယ့် တည်ဆောက်နိုင်ငံရေးအသွင် (Pro Active) ရောက်တဲ့အခါမှာ ထင်မှတ်မထားတဲ့ စိမ်ခေါ်မှုပေါင်းမြောက်များစွာ ကြုံရတတ်တဲ့အတွက် အချိန်ယူပြီး ခွဲဝေမှု အဆင့်ဆင့် ပြုလုပ်ဘို့ လိုတယ်လို့ပြောချင်တာပါ။ ဒါကို တိကျတဲ့ သဘောတူညီချက်သာ လုပ်ထားဘို့ လိုတာ ပါ။ နောက်ဆုံးတချက်ကတော့ ငြိမ်းချမ်းရေးဆိုတာရော ဖက်ဒရယ်ရေး ၂ ခုလုံး ဟာ ပညာရေးဖြစ်တယ် ဆိုတာပါပဲ။
ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေကို အနည်းဆုံး တိုင်းရင်းသားဘာသာ ၈ မျိုးလောက်နဲ့ ဘာသာ ပြန်သင့်ပါတယ်။ အဲဒီထက် ပိုနိုင်ရင် ပိုပါ။ သင်ကြားမည့် တိုင်းရင်းသား ဘာသာရပ်ဆိုင်ရာ ဆရာတွေကို စံချိန်မှီ လေ့ကျင့်ပါ။ တက္ကသိုလ်ဝင်တန်းကနေ တက္ကသိုလ် ၄ နှစ်လုံး စုစုပေါင်း ၆ နှစ်လောက် သေချာ သင်ကြားပေးလိုက်ရင် အနည်းဆုံးနောက်ထပ် ၆ နှစ်ဆိုတဲ့ကာလတခုအရွေ့မှာ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပြီးသားဖြစ်သွားပါတယ်။ ငြိမ်းချမ်းဘို့ လိုအပ်နေတဲ့ နေရာအားလုံး ငြိမ်းချမ်းနေမှာပါ။ အဲဒါမှ ငြိမ်းချမ်းရေး အစစ်ပါလို့ AFFM က ယုံကြည်ပါတယ်လို့ တင်ပြလိုက်ပါတယ်။
အပိုင်း (၅) ဆက်ရေးပါ့မယ်။