•   Call us   +959 31673785

AFFM ရှင်းတမ်း အပိုင်း (၅)

AFFM ရှင်းတမ်း

AFFM ရှင်းတမ်း
အပိုင်း (၅)
ပြည်တော်ပြန်ခရီး
ဒီအပိုင်းကိုရေးတဲ့အချိန်မှာ အဲဒီ ၂၀၁၂ - ၂၀၁၃ ကာလခံစားချက်ကိုပြန်ပြောင်းသတိရတယ်။ ပျော်ရွှင် တက်ကြွမှု၊ တဖက်ကလည်းစိတ်ညစ်ညူးပြီး စိတ်ဓါတ်ကျမှု၊ ထင်မှတ်မထားတာတွေ ဖြစ်ပေါ်လာမှုစတဲ့ ခံစားချက်တွေ အစုံအလင်နဲ့ အင်တိုက်အားတိုက် လှုပ်ရှားလိုက်၊ စိတ်မပါလက်မပါနဲ့ လေးလေးကန်ကန် လှုပ်ရှားလိုက်ဖြစ်ခဲ့တာတွေကို ပြန်ခံစားပြီးရေးရပါတယ်။
အထူးသဖြင့် AFFM ဖွဲ့စည်းဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကိုပြန်ပြောင်းသတိရမိတာပါ။ ပြည်တွင်း အဆက် အသွယ်ကို အသေအချာပြန်ရလိုက်တဲ့အချိန်မှာ ပြည်တွင်းသမဂ္ဂဖွဲ့စည်းရေး အရှိန်မြှင့်နိုင်ခဲ့တာကို တွေးမိတိုင်း ကြည်နူးကျေနပ်ရပါတယ်။ ၁၉၉၉ ခုနှစ်မှာကတည်းက မွန်ဒေသဦးဆောင်ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီး ရထားပို့ဆောင်ရေးအဆက်အသွယ်တွေပြန်ရခဲ့ပါတယ်။ ဆည်မြောင်းက ၀န်ထမ်းသမဂ္ဂတွေလည်း စံနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ သင်ပေးတဲ့ဆရာကလည်း အမေရိကန် အလုပ်သမား အဖွဲ့ချုပ်က အဓိက ဆရာကြီး တဦးဖြစ်ပါတယ်။ ကျနော်က စီစဉ်ပေးရင်းနဲ့ ၀င်ရောက် သင်ကြားလေ့လာခွင့်ရခဲ့တာ။ သင်ကြားပို့ချတဲ့ နည်းစံနစ်က သူတသက်လုံးကြုံတွေ့ခဲ့တဲ့ အခက်အခဲပေါင်းမြောက်များစွာကို နည်းပေါင်းစုံနဲ့ ကျော်လွှား ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ စိတ်ရှည်သည်းခံမှုအကြောင်း ထိုင်ပြီး အေးအေးဆေးဆေးပြောတာ အရမ်းမှတ်သားဘို့ကောင်းတယ်။
အဲဒီကနေ ၂၀၁၀ အထိ စုဆောင်းရရှိခဲ့တဲ့ ပြည်တွင်းအမာခံအင်အားစုတွေကို ကျနော်က အသေအချာ တည်ဆောက်ခဲ့တယ်။ အရင်ရှိထားတဲ့ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ ပညာရေးအလုပ်သမား သမဂ္ဂအဖွဲ့ချုပ်၊ ကျန်းမာရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နဲ့ ဆောက်လုပ်ရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တွေရဲ့ အမာခံခေါင်းဆောင်တွေနဲ့အတူ ၂၀၁၁ မှာ ဒေသပေါင်းစုံက တောင်သူလယ်သမားတွေကိုသင်တန်း အကြိမ်ကြိမ် ပေးခဲ့ပါတယ်။ အဲဒါတွေအောင်မြင်မှ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အကြိုညီလာခံ ၂ ကြိမ် ကျင်းပပါတယ်။ ရန်ကုန်မြို့တွင်းမှာ ကျင်းပတာ အထင်ကရ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေပါ တက်ရောက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် သြဂုတ်လရောက်တဲ့အခါမှာ ပထမအကြိမ် ညီလာခံကို ကျင်းပခဲ့တာပါ။ ဒီနေရာမှာ ပြည်တွင်းက အဓိကစီစဉ်ပေးတဲ့ ခေါင်းဆောင် ၄ ဦး ရှိပါတယ်။ သူတို့စေလွှတ်ပေးတဲ့ ခေါင်းဆောင်များနဲ့ လက်တွဲဆောင်ရွက်တာရှိသလို ကျနော်ကိုယ်တိုင် လိုချင်လို့ အတင်းချည်းကပ်စေလွှတ်ခိုင်းခဲ့တာလည်းရှိပါတယ်။ လတ်တလောမှာတော့ အားလုံးနဲ့ လက်တွဲ ဆောင်ရွက်တာ အောင်မြင်ပေမဲ့ ရေရှည်မှာတော့ ပြည်တွင်း ခေါင်းဆောင် ၄ ယောက်အနေနဲ့ မတည်ငြိမ်လို့ မမြဲနိုင်လို့ မခေါ်ဘို့ အတန်တန်သတိပေးတဲ့ကြားက ခေါ်မိတဲ့အတွက် နောက်ဆုံးမှာ သတိပေးချက်အတိုင်း ဖြစ်ကုန်ကြပါတယ်။
မြန်မာနိုင်ငံ စက်မှုဇုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MITUF (Myanmar Industrial Trade Unions Federation) ကို နိုဝင်ဘာလမှာ ညီလာခံကျင်းပနိုင်ခဲ့ပြီး ပြည်တွင်း အဓိက သမဂ္ဂအဖွဲ့ချုပ်ကြီး ၂ ခုကို နိုင်ငံတကာက စတင်အသိအမှတ်ပြုခဲ့ပါတယ်။ ITUC ရဲ့ ၂၀၁၁ ခုနှစ် ANNUAL SURVEY စာအုပ်မှာ ရှိပါတယ်။ သမိုင်းတွင်တည်ရှိခဲ့ပါတယ်။ ဒီအကြောင်းတွေပြန်တွေးမိတိုင်း ကြည်နူးပီတိဖြစ်ရသလို အဲဒီတုန်း က အခြေအနေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းတဲ့အခြေအနေဖက် ကို ဦးတည်နေခဲ့တာကို ပြန်တွေး မိပါတယ်။ ဒီအဖွဲ့အစည်းတွေလည်းရှိနေပါလိမ့်မယ်။ သူ့နည်းသူ့ဟန်နဲ့ သူ့ပုံစံသူ့အသွင်နဲ့ဖြစ်ပါလိမ့်မယ်။
အဲဒီပြည်တွင်းတည်ဆောက်ရေးအရှိန်မြှင့်ခြင်းရဲ့ ဖြစ်တည်မှု အစကိုပြန်ကောက်ရရင် ၂၀၀၇ မှာ ဥရောပကို အချိန်အတော်ကြာ ရောက်ရှိသွားပြီးတော့ ၂၀၀၉ မှ ပြန်ရောက်ပါတယ်။ ၂၀၀၉ - ၂၀၁၀ မှာ ပြည်တွင်းသမဂ္ဂ တည်ဆောက်ရေးကို အရှိန်မြှင့်နိုင်ခဲ့ပါတယ်။ ဒီလိုပြည်တွင်းကို အတွင်းကျကျ လှုပ်ရှား နိုင်ဘို့ အဆက်အသွယ် ရရှိပုံက အသေးစိတ်ပြောချင်ပါတယ်။ AFFM သမိုင်းမှာ မပါမဖြစ်လို့ပါ။
ကျနော် ဥရောပကိုရောက်ရှိနေစဉ်မှာ မိတ်ဆွေတယောက်ကနေ ဆက်သွယ်လာပါတယ်။ ကျနော့ရဲ့ ဖခင်ကြီး ၂၀၀၆ ခုနှစ်မှာ ဆုံးပါးသွားကြောင်း အကြောင်းကြားလာခဲ့တာပါ။ ၁၉၈၈ ခုနှစ် ထွက်လာ ကတည်းက အိမ်နဲ့တခါမှ တရားဝင်အဆက်အသွယ်ဆိုလို့ ၁၉၉၀ ခုနှစ် ဘန်ကောက်မှာ စာတိုက်က စာစမ်းပြီး ထည့် ကြည့်လိုက်တာ ရောက်လို့အဆက်အသွယ်ရဘူးတယ်။ ၁၉၉၂ ခုနှစ်မှာ အဖေ အဖမ်းခံရစဉ်က ကျနော် ရေးတဲ့ စာမိတ္တူတွေ ထုတ်ပြပြီး စွဲချက်တွေတင်တယ်။ နောက်ဆုံးတော့ ၅ (ည) အပါအ၀င် ဆက်သွယ်ရေး ပုဒ်မတွေနဲ့ အဖေ့ကို ထောင် ၅ နှစ်ချလိုက်တယ်လို့ သတင်းကြားပြီးနောက်ပိုင်း လုံးဝ အဆက်အသွယ် မရှိတော့တာ ၂၀၀၇ ခုနှစ် ပိုလန်မှာရောက်နေတဲ့အချိန်မှ ကြားလူတွေပို့ပေးတဲ့ သတင်းအရ သိရတာ ဖြစ်ပါတယ်။
ဒါနဲ့ ကျနော် နယ်စပ်ကိုပြန်ရောက်လာတော့ အဲဒီ ကြားခံဆက်သွယ်ပေးတဲ့ မိတ်ဆွေကနေ တဆင့် အိမ်ကို လှမ်းဆက်သွယ်မေးမြန်းကြည့်တော့ အဖေဆုံးပြီးနောက် အမေတော့ ကျန်းကျန်းမာမာရှိကြောင်းသိရပါတယ်။ ဒါ့အပြင် အဖွားနဲ့ ကျန်ဆွေမျိုး ညီအကိုမောင်နှမတွေအားလုံးလည်း သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာ ရှိကြောင်းသိရတယ်။ အဲဒီမှာ အမေ့ကို ဆက်သွယ် သတင်းပေးပြီး ကျနော်လည်း သက်ရှိထင်ရှားရှိပါတယ်။ ကျန်းမာစွာရှိကြောင်းသတင်းပို့လိုက်ပါတယ်။ အဲဒီလို အမေ့ကို ဆက်သွယ်ပေးသူညီမလေးအနေနဲ့ ပြည်တွင်း သမဂ္ဂ တည်ဆောက်ရေးကို ဖိဖိစီးစီးကူညီပေးခဲ့ပါတယ်။ အဲဒီညီမလေးက AFFM ဖြစ်ပေါ်လာစေရေးကို အဓိက အထောက်အကူပြုခဲ့သူဖြစ်ပါတယ်။ ကျနော့်အဖေရဲ့သမီးအရင်းလို အနီးကပ်ရှိနေခဲ့တဲ့သူ တယောက် အနေနဲ့ ကျနော့ကို တကယ့်အကိုအရင်းတယောက်လိုအရမ်းသံယောဇဉ်ရှိတယ်။ ကျနော့်ရဲ့ အိပ်မက်တွေကို လက်တွေ့တကယ်ဖြစ်လာအောင်အစစအရာရာ ကူညီပေးတယ်။ ကျနော်က သူ့ကို တည်ဆောက်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းမှာ အလိုမကျရင်ဆူတယ်။ အဲဒီအခါကျရင် သူကဂျီကျပြီး စိတ်ကောက်တယ်။ ဒါပေမဲ့ မကြာဘူး။ သူတကယ်စိတ်ဆိုးတာက သူဆက်သွယ်ပေးပြီး သူထောက်ခံချက်မပေးတဲ့သူတွေကို ကျနော်က တာဝန် ပေးတဲ့အခါမှာ အကိုဒုက္ခရောက်လိမ့်မယ်။ သူတို့တွေကို ဘာထင်လို့တုန်းဆိုပြီး ငိုသံကြီးနဲ့ ပြန်ပြောတာကို မှတ်မိသေးတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးလောကမှာ ထိပ်တန်းရောက်နေတဲ့ အဓိက ခေါင်းဆောင်တွေ အတော်များများသည် အဲဒီတုန်းက အတိုက်အခံတွေ ဖြစ်ပါတယ်။ အဲဒီအတိုက်အခံတွေ ထဲက အတော်များများသော ခေါင်းဆောင်တွေနဲ့ ကျနော့်ကို တိုက်ရိုက်မိတ်ဆက်ပေးပါတယ်။ ကျနော်လည်း ကျနော်ရဲ့ ပြည်တွင်းသမဂ္ဂတည်ဆောက်ရေးလုပ်ငန်းစဉ်ကို အသေးစိတ်ရှင်းပြပါတယ်။ ပြည်တွင်း ခေါင်းဆောင်များ အားလုံးက သမဂ္ဂတည်ဆောက်ရေးကို သဘောတူကြ သလို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြတယ်။ ကျနော်အဓိက ရှင်းလင်းတင်ပြတာက နိုင်ငံရေး ဆုံရပ်နဲ့ ဆုံမှတ်ကိစ္စပါ။ မြန်မာ့ နိုင်ငံရေးအပြောင်းအလဲ အတွက် ဆုံရပ် ၃ ခုရှိပါတယ်။ အဲဒါက လုံလောက်တဲ့ နိုင်ငံတကာ ဖိအား၊ ပြည်တွင်း နိုင်ငံရေးအင်အားစုများရဲ့ စုစည်းမှုအား၊ တိုင်းရင်းသားဒေသနဲ့နိုင်ငံတကာရှိ မြန်မာ့နိုင်ငံရေး အင်အားစုများရဲ့ စည်းရုံးတည်ဆောက်နိုင်မှုကို ဆိုလိုတာပါ။ အထူးပြောကြားချင်တဲ့အချက်က မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို အဲဒီအင်အား ၃ ရပ်က တူညီသွားရင် ဆုံမှတ် ရှိသွားတာဖြစ်ပါတယ်။ နိုင်ငံတကယ်ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကိုရှင်းပြတယ်။ ဒါပေမဲ့ တချို့ကတော့ သိပ်လက်မခံချင်ဘူး။ အဲဒီ ၃ ရပ်က ဆုံမှတ်ရောက်ရင်ဘာဖြစ်မလဲ။ ဆုံမှတ်မရောက်ရင် ဘာဖြစ်မလဲ။ လုံလောက်တဲ့ နိုင်ငံတကာဖိအား ၊ ပြည်တွင်းနိုင်ငံရေးအင်အားစုများရဲ့ စုစည်းမှုအား၊ တိုင်းရင်းသား အင်အားစုများနဲ့ နိုင်ငံတကာရောက် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများ ပေါင်းစည်းစွမ်းအားညီရင် စစ်အာဏာရှင် စံနစ် မရှိတော့ဘူး။ တပါတည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဖြစ်ပေါ်မယ်။ ပြည်တွင်း ညီညွတ်တဲ့ အင်အားစုနဲ့ တိုင်းရင်းသား အပါအ၀င် အားလုံးသောမြန်မာနိုင်ငံရေးအင်အားစုတွေ တစုတစည်းတည်း ဒီမိုကရေစီအသွင်ပြောင်းရေးကို ပါဝင် ဆင်နွှဲဘို့ လိုတယ်။ ဒါမှလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဖြစ်မှာပါ။ ဒီဆုံရပ် ၃ ခုသည် မဟာဗျူဟာဆိုင်ရာလုပ်ငန်းစဉ်ဆိုလည်းမမှားဘူး။ ၁၉၈၈ ခုနှစ်က စခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက်က မြန်မာနိုင်ငံတိုင်းရင်းသားပြည်သူတရပ်လုံး လူ့ဂုဏ်သိက္ခာနဲ့ညီတဲ့ လူ့အဆင့်အတန်း ရရှိရေးသာ ဖြစ်တယ်။ စစ်ဗိုလ်ချုပ်များ အာဏာစွန့်သွားရုံလည်း မဟုတ်သလို ဒီမိုကရေစီ တော်လှန်ရေးအတွင်း ပါဝင်ခဲ့သူများ အာဏာရရှိရေးလည်းမဟုတ်ပါ။ ဒါကြောင့် အားလုံးပါဝင်တဲ့ အထူးသဖြင့် ဆုံမှတ် ၃ ရပ် မှာ ပါဝင်နေသူများအားလုံး ညီညွတ်စွာပြန်လည် တည်ဆောက် တဲ့ ဒီမိုကရေစီနိုင်ငံတော် အစစ်အမှန်ပေါ်မယ်။ နိုင်ငံရေးအပြောင်းအလဲနဲ့အညီ စီးပွားဖွံ့ဖြိုးတိုးတက်မယ်။ မြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံး တရားမျှတတဲ့လူ့ဘောင်အသိုင်းအ၀ိုင်းအဖြစ် ပါဝင်တည်ဆောက် နိုင်မယ်။
၁၉၉၈ ကနေ ၂၀၀၀ ခုနှစ်များမှာ တော်လှန်ရေးအင်အားစုများအားလုံး အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်ကလေးတခုလုပ်ခဲ့ကြတယ်။ မှတ်မိသလောက် BLC ဆိုတဲ့ ဘားမား လော်ရာကောင်ဆယ် က ဦးဆောင်ပြုလုပ်တယ်လို့ထင်တယ်။ အခြားတော်လှန်ရေးအဖွဲ့များလည်း လုပ်ကြတယ်။ အဲဒါကတော့ ၃ ပွင့် ဆိုင် ဆွေးနွေးပွဲပြုလုပ်ရေးဖြစ်ပါတယ်။ အမျိုးသမီးတွေပါ ပန်း ၃ ပွင့်ပန်ပြီး ဒီလှုပ်ရှားမှုကို ထောက်ခံ လှုပ်ရှားမှုပြုခဲ့ကြတယ်။ အဲဒီ ၃ ပွင့်ဆိုင်က တပ်မတော် ကိုယ်စားလှယ်များက တပွင့်၊ ပြည်တွင်း နိုင်ငံရေး အင်အားစုများက တပွင့်၊ တိုင်းရင်းသား အင်အားစုများက တပွင့်ဆိုပြီးဆွေးနွေးကြတယ်။ အဲဒီလုပ်ငန်းစဉ် ဖြစ်မြောက်အောင်မြင်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွေကျင်းပပြီး အဲဒီဆွေးနွေးပွဲတွေမှာ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲ လက်တွေ့ သရုပ်ပြလှုပ်ရှားမှုလုပ်ကြတယ်။ ကျနော်က တပ်မတော်ခေါင်းဆောင်အနေနဲ့ အမြဲ နေရတယ်။ အဲဒီတော့ တပ်မတော်ဖက်ကပြောစရာတွေကို သေချာစုစည်းပြီးတော့ တဖက်သားမခံချင် လောက် အောင်ပြောတယ်။ တဖက်ကပြောမည့်အရာတွေကို ကြိုတင်ပြီးကန့်ထားတယ်။ အဲဒီတော့ တဖက်က ပြောမည့် အရာတွေအားလုံး ကျနော်ကြိုကန်ထားတော့ အရာမရောက်တော့ဘူး။ တပ်မတော် ဘက်က အာဏာကို ကိုင်ထားပြီးပြောတယ်။ နောက်ဆုံးတော့ အဲဒီသရုပ်ပြဆွေးနွေးပွဲအောင်မြင်တယ်။ တပ်မတော် ဘက်ပဲ အမြဲအနိုင်ရတယ်။ ရလဒ်ကတော့ ကျနော့်ကို ကျနော့်သူငယ်ချင်းတွေပါ မုန်းလာ ကြတယ်။ ဒါနဲ့ တချို့က ပြောတယ်။ တကမ္ဘာလုံး ထောက်ခံတဲ့ ဒီမိုကရေစီလှုပ်ရှားမှု ခင်ဗျားဘယ်လို လုပ်ချေဖျက်သလဲလို့ မေးတော့ ကျနော်က ရှင်းရှင်းပဲပြန်ဖြေတယ်။ ကျနော်က အာဏာလက်ကိုင်ထားတဲ့ ဘက်မှာနေရတော့ တည်ဆောက် နိုင်ငံရေးအသွင်ဖက် (Pro Active) ကပြောရင်းနဲ့ တုန့်ပြန်နိုင်ငံရေး ထိုးနှက်ချက် (Re Active) က အပြောင်းအလဲမဖြစ်လောက်ဘူးဆိုတာထောက်ပြတယ်။ ရှင်းရှင်းပြောရရင် ခင်ဗျားတို့ (Remove ဖယ်ရှားမှု) လုပ်ဘို့ လောက် စဉ်းစားတာ။ (Replace သာလွန်ကောင်းမွန်တဲ့ အစားထိုးမှု) လုပ်ဘို့ မပြင်ထားဘူး။ ဒါဆိုရင် အပြောင်းအလဲမှာ ကိုယ်သာတရားခံ ဖြစ်သွားလိမ့်မယ်လို့ ပြောခဲ့လိုက်တယ်။
အထက်မှာတင်ပြထားတဲ့ ဆုံရပ် ၃ ခုမှာ ကျနော်က နိုင်ငံတကာဖိအားဆိုတဲ့ ဖက်ကိုလည်း ပါဝင် လှုပ်ရှား ခဲ့ပါတယ်။ အထူးသဖြင့် ILO ကနေ အဓမ္မအလုပ်ခိုင်းစေမှု ကို အစီအစဉ်တကျပြုလုပ်ခဲ့တဲ့အတွက် နောက်ဆုံးမှာ ILO ဆုံးဖြတ်ချက် 2000 (a), 2000 (b), 2000 (c) အဖြစ် နိုင်ငံတကာ Symposium တွေ တက်ရောက်ခွင့် ပိတ်ဆို့မှု၊ ILO ရဲ့နည်းပညာ အကူအညီများ ရုပ်သိမ်းခြင်းနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု တားမြစ် ပိတ်ပင်မှုတွေနဲ့ အရေးယူခဲ့ပါတယ်။ အရမ်းထိရောက်တဲ့ နိုင်ငံတကာဖိအားပါ။ ဒီလိုမျိုး အရေးယူနိုင် အောင်ကြိုးပမ်းဆောင်ရွက်ခဲ့တာ လက် ၂ ဖက်ချိုးရေတွက်လို့ရတဲ့ လူတစုသာ အငတ်ခံ အပင်ပမ်းခံပြီး နေ့မအိပ်ညမအိပ် လုပ်ခဲ့တာပါ။ ILO မှာ နှစ်စဉ် ညီလာခံကို ဇွန်လမှာ ကျင်းပကြပါတယ်။ ဇွန်လရဲ့ ပထမဆုံးရက်သတ္တပါတ်က စနေနေ့သည် ရုံးပိတ်ရက်ဖြစ်သော်လည်း အဲဒီတုန်းက Myanmar အရေးဟာ Hot Issue ဖြစ်တဲ့အတွက် မြန်မာ့အရေးကို ပထမဆုံး စနေနေ့မှာ Special Sitting အဖြစ်ထိုင်ပါတယ်။ အဲဒီနေ့မတိုင်မှီကတည်းက မြန်မာအလုပ်သမားကိုယ်စားလှယ်တွေဟာ ပုံးကြီးတပုံးနဲ့ ထည့်ပြီး သယ်လာခဲ့တဲ့ မြန်မာ့အရေးအစီရင်ခံစာတွေကို တကမ္ဘာလုံးက ကိုယ်စားလှယ်တွေ၊ အထူးသဖြင့် မြန်မာနဲ့ပါတ်သက်ပြီး သြဇာညောင်းတဲ့သူတွေကို လိုက်ဝေငှပြီး မြန်မာ့အရေးပါဝင်ဆောင်ရွက်ဘို့ လိုက်လံနှိုးဆော်ရပါတယ်။ အရမ်းဆင်းရဲ ပင်ပမ်းပါတယ်။ ဒီအကြောင်းတွေကို ဘာလို့ပြောရသလဲဆိုရင် AFFM ဖြစ်ပေါ်လာရေးမှာ အရေးကြီးတဲ့ ကဏ္ဍမှာရှိတဲ့အတွက် ကြိုက်တာမကြိုက်တာ ဘေးဖယ်ထား။ အမှန်ကိုအမှန်အတိုင်း ပြောခြင်းသာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ထောက်ခံမှုက အရမ်းကိုအရေးပါခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းအစိုးရထောက်ခံမှုကို တော်တော်ကြိုးကြိုးစားစားခက်ခက်ခဲခဲနဲ့အရယူခဲ့ရပါတယ်။
ဒီလိုနဲ့ ILO ကနေ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂ အာဏာပိုင်အဖွဲ့အစည်း ၆ ရပ်ထဲက Economic and Social Council (Ecosoc) ကို မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက်တင်ပြပါတယ်။ တဖက်ကလည်း ပြည်ပရောက် မြန်မာ့ နိုင်ငံရေးလှုပ်ရှားသူ တိုင်းရင်းသားအားလုံးနဲ့ နိုင်ငံတကာ မြန်မာ့ အရေးလှုပ်ရှားတဲ့ နိုင်ငံတကာက အစိုးရများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဝိုင်းဝန်းကြိုးပမ်းမှုကြောင့် နောက်ဆုံးတော့ ၂၀၀၆ ခုနှစ် UNGA ဆုံးဖြတ်ချက်အရ UNSC မှာ မြန်မာ့အရေးဆုံးဖြတ်ဘို့ရောက်ရှိခဲ့ ပါတယ်။ အဲဒီကာလမှာ ထင်ရှားကျော်ကြားခဲ့တာကတော့ နိုဗယ်ဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ ချက်ရီပါတ်ဗလစ်က အငြိမ်းစား သမ္မတကြီး ဗားကလပ်ဟာဗယ်တို့ရဲ့ Threaten to Peace ဆိုတဲ့ အစီရင်ခံစာဖြစ်ပါတယ်။
ဒီလိုနဲ့ နိုင်ငံရေးဆုံရပ်မရောက်တော့ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။ အချိန်ကလည်း တရွေ့ရွေ့သွားနေရင်း တပ်မတော်အစိုးရရဲ့ နိုင်ငံရေး လမ်းပြမြေပုံ ၇ ရပ်အရ ၂၀၁၀ မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပြည်သူတရပ်လုံးကပါ ပြိုင်ဘက်ကို လက်ပြန်ကြိုးနဲ့တုပ်ပြီးမှ တဖက်သတ်အနိုင်ယူတဲ့ပွဲလို့ ပြောခဲ့ကြပါတယ်။ တပ်မတော်အစိုးရက စိတ်တိုင်းကျ ထူထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီအနိုင်ရပါတယ်။ အဲဒီတုန်းက နာမည်ကြီးတာ ကြိုတင်မဲပါ။ ပြီးတော့ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ ဖွဲ့စည်းပြီး တိုင်းပြည်ကိုဦးဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ၀င်ရောက်ယှဉ်ပြိုင်တယ်။ လစ်လပ်နေရာ အားလုံးလောက်နီးပါး အနိုင်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အတိုက်အခံတွေ လွှတ်တော်ထဲဝင်ပြီး လွှတ်တော်နိုင်ငံရေးလုပ်ကြတယ်။
ဒါဖြစ်လာခဲ့တာ အားလုံးလည်းအသိပါ။ ဒါပေမဲ့ အဲဒီဖြစ်စဉ်က နိုင်ငံတကာက ဖိအားပေးလှုပ်ရှားမှုကို သွားပြီး သက်ရောက်မှုဖြစ်သွားတာပါ။ ILO မှာ ၂၀၁၁ ကတည်းက တရုတ်အစိုးရနဲ့ အာဆီယံအစိုးရတွေအနေနဲ့ အပြောင်းအလဲလုပ်ဘို့ကို မြန်မာအလုပ်သမားကိုယ်စားလှယ်တွေအပေါ်မှာ ဖိအားပေးလာခဲ့ပါတယ်။ ILO ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးက အခုညွှန်ကြားရေးမှူးချုပ်ဖြစ်နေတဲ့ Mr Guy Ryder ဖြစ်ပါတယ်။ သူက ITUC အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်။ Mr Guy Ryder ဦးဆောင်တဲ့ ILO ကိုယ်စားလှယ်အဖွဲ့ရန်ကုန်မှာ အစိုးရနဲ့တွေ့ပြီး ပြန်လာတိုင်း ကျနော်တို့နဲ့ Bangkok မှာ အစည်းအဝေးလုပ်ပြီး ရှေ့လုပ်ငန်းစဉ်ချမှတ်လေ့ရှိပါတယ်။ အဲဒီအထဲမှာ အရေးကြီးတာက မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှု အတွက် စီးပွားရေး ဖွံ့ဖြိုးမှုလိုအပ်ချက်အရ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တားမြစ်ထားတဲ့ အရေးယူမှုကို ရုပ်သိမ်း ရတော့မှာဖြစ်ပါတယ်။ ဒါကိုမြန်မာအစိုးရကအလိုရှိနေပြီး အလုပ်သမားအခွင့်အရေးပိုင်းမှာလည်း ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ကြမယ်လို့ ပြောပါတယ်။ အထူးသဖြင့် FOA လို့ခေါ်တဲ့ Freedom of Association လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေဖွဲ့စည်းနိုင်ဘို့နဲ့ ကျနော်တို့တတွေ တရားဝင်ပြည်တော် ပြန်နိုင်ဘို့ စတဲ့အချက်တွေအားလုံး အသေးစိတ်ပါပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လ ILC မှာတော့ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံပြီး အသေးစိတ်ညှိနှိုင်းမှုတွေ ပြုလုပ်ပါတယ်။
ဒါနဲ့ ကျနော်တို့ထိုင်းကိုပြန်ရောက်ပြီး ပြည်တော်ပြန်အစီအစဉ်ကိုရေးဆွဲပါတော့တယ်။ အဲဒီအချိန်မှာပဲ အခြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အပြောင်းအလဲဖြစ်စဉ်တွေအပေါ်မှာ ကျနော်တို့လည်း အပြောင်းအလဲ တွေ ဖြစ်ခဲ့ပါတယ်။ အနာဂါတ်မြန်မာ့နိုင်ငံရေးကို ပါဝင်ဆောင်ရွက်တော့မယ်ဆိုရင် ပြည်တွင်းက အခြေအနေမှန်တွေအပေါ် အသေးစိတ်သုံးသပ်ပြီး အဆင့်လိုက် ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်ဘို့လိုပါတယ်။ Long Term ခရီးရှည်လို့သတ်မှတ်ပြီး သွားပုံသွားနည်းကို စံနစ်တကျပြင်ဆင်ဘို့ အယူအဆတွေ မတူတဲ့အပေါ် ကွဲလွဲမှုတွေဖြစ်ပေါ်ရပါတယ်။ ဒါဆိုရင် အဲဒီတုန်းက ခင်ဗျားတို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြသလားဆိုတော့ မဆွေးနွေးဖြစ်ပါဘူး။ ဆွေးနွေးဘို့ အခြေအနေမပေးခဲ့တာပါလို့ ပြောလိုပါတယ်။
အဲဒီအပြောင်းအလဲအခြေအနေတွေ အပေါ်မှာ ပြည်တွင်းမှာရော တိုင်းရင်းသားဒေသတွေမျာပါ ရိုက်ခတ်မှုရှိခဲ့ပါတယ်။ ဒါတွေအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ကြံ့ကြံ့ခံ ဖြေရှင်းပြီး ကိုယ့်ဖာသာကိုယ် ပြည်တော်ပြန်ခရီးကို အစီအစဉ်ရေးဆွဲပြီး ပြန်လည်ရောက်ရှိပါတော့တယ်။
ပြည်တွင်းပြန်ရောက်တဲ့အခါမှာ ဒေသအသီးသီးက ကိုယ်စားလှယ်တွေကိုလိုက်လံတွေ့ဆုံရပါတယ်။ အဲဒီအခါကျမှ သမဂ္ဂဖွဲ့စည်းရာမှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ဝင်သလို မတူညီတဲ့ ကိုယ်ကျင့်သိက္ခာ၊ ပေးဆပ်မှုနဲ့ ရယူလိုမှု၊ တကယ့်အဖြစ်နဲ့ သူတို့ရဲ့ အိပ်မက် စတာတွေကို အကုန်တွေ့မြင်ရပါတော့တယ်။ အထူးသဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေအမျိုးမျိုးကို မမျှော်လင့်တဲ့ အနေအထားနဲ့တွေ့ရတော့ ရင်မောမိသွားတယ်။ ဒါပေမဲ့ ကျနော်ဖြတ်ကျော်နိုင်မယ်လို့ယုံကြည်ပြီး အားစိုက်ဆက်လုပ်ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါတွေမှာ အကြိမ်တော်တော်များများ အသိအမှတ်ပြုမှုရရှိပါတယ်။ အသေးစိတ် ဆောင်ရွက်ချက် တချို့တော့ အပိုင်း (၆) မှာ ဆက်လက်တင်ပြပါ့မယ်။